မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်၊ ဘုန်းကျောင်းလမ်းရှိ စစ်ကောင်စီခန့် ယာယီသမ္မတဦးမြင့်ဆွေ၏ ယောက္ခမနေအိမ်ရှေ့တွင် ဒီဇင်ဘာ ၁၁ ရက်နေ့က မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
ပေါက်ကွဲမှုကြောင့် အိမ်ရှေ့ခြံတံခါးနှင့် အုတ်တံတိုင်းများ ထိခိုက်ပျက်စီးခဲ့သော်လည်း နေအိမ်အတွင်း နေထိုင်သူ မရှိသည့်အတွက် လူထိခိုက်မှု မရှိခဲ့ကြောင်း နယ်ခံများ၏ဖြေကြားချက်ကို ဒေသအခြေစိုက်မီဒီယာများက ဖော်ပြထားသည်ကို တွေ့ရသည်။
အဆိုပါ ဖောက်ခွဲမှုအား မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရှိရသေးကြောင်း သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF ပြန်ကြားရေးဝာာဝန်ခံ ကိုအေးမင်းထွန်းက ယခုလို ပြောသည်။
“အဲဒီသတင်းတော့ ကြားတယ်၊ ဒါပေမဲ့ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာတော့ မသိရသေးဘူးဗျ။ တပ်မဟာ (၁) ထဲက တော်လှန်ရေးအဖွဲ့တွေကတော့ သူတို့တာဝန် သူတို့လုပ်နေကြတာပါ။ PDF ဆိုလည်း PDF အလျှောက် UG ဆိုလည်း UG အလျှောက်ပေါ့၊ ဘယ်သူလုပ်လည်းဆိုတာတော့ ကျနော်တို့မသိရဘူး” ဟု ပြောသည်။
ဒီဇင်ဘာ ၁၁ ရက်နေ့က နေ့လည်ပိုင်းက ဆိုင်ကယ်စီးနင်းလာသူနှစ်ဦးက မိုင်းပစ်သွင်းဖောက်ခွဲခဲ့ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ဖြစ်စဉ်ပြီးနောက် စစ်ကောင်စီတပ်များက မြို့အတွင်း ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကေအဲန်ယူ တပ်မဟာ (၃) ထိန်းချုပ်သည့် နယ်မြေအတွင်းဖြစ်သည့် သထုံခရိုင်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းနှင့် မိသားစုဝင်များ၊ စစ်ဘက်နှင့် ဆက်နွယ်နေသူများ KNU နယ်မြေအတွင်းမှ အမြန်ဆုံး ထွက်ခွာ၍ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများလည်း ပြည်သူနှင့် အမြန်ပူးပေါင်းကြရန် KNU တပ်မဟာ (၁) ဘက်က ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားသည်။
ဦးမြင့်ဆွေသည် အရပ်သားအစိုးရ သမ္မတဦးဝင်းမြင့်နှင့် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့အား စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်း၍ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ တွင် စစ်ကောင်စီ၏ ခန့်အပ်မှုဖြင့် ယာယီသမ္မတ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ကေအိုင်စီ ပေးပို့သည်။