5 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းမွန်ပြည်နယ်အတွင်း စစ်ကောင်စီအဖွဲ့က လုံခြုံရေးပေးထားသည့် လောင်းကစားဝိုင်းများ တွင်ကျယ်နေဆဲဖြစ်

မွန်ပြည်နယ်အတွင်း စစ်ကောင်စီအဖွဲ့က လုံခြုံရေးပေးထားသည့် လောင်းကစားဝိုင်းများ တွင်ကျယ်နေဆဲဖြစ်

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းကာလတွင် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီက လုံခြုံရေးပေး၍ ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းများ မြို့ပေါ်နှင့်ကျေးလက်တို့တွင် တွင်ကျယ်နေဆဲဖြစ်ကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

ပေါင်၊ သထုံ၊ ကျိုက်မရော၊ ချောင်းဆုံ၊ မုဒုံနှင့် မော်လမြိုင် မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်တို့သာမက ကျေးရွာများဘက်တွင်လည်း ပြီးခဲ့သည့် သီတင်းကျွတ်ကာလမှစပြီး အထိမ်းအမှတ်ပွဲတော်နှင့် ဆက်စပ်ခြင်းမရှိသည့် ဇာတ်ပွဲများနှင့်တွဲဖက်ပြီး လောင်းကစားဝိုင်းများကို နေ့စဉ်ဖွင့်လှစ်နေသည်ဟု ဆိုသည်။

အဆိုပါလောင်းကစားဝိုင်းများကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့၊ ပျူစောထီးနှင့် စစ်သားများက လုံခြုံရေးယူဆောင်ရွက်ပေးနေကြောင်းနှင့် တစ်ဝိုင်းလျှင် အခကြေးငွေ ၃ သိန်းအထိ ကောက်ခံနေကြောင်းလည်း မြို့ခံများက ပြောသည်။

အထူးသဖြင့် အသွားအလာစစ်ဆေးတင်းကြပ်နေသည့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်တို့တွင် အဆိုပါ လောင်းကစားဝိုင်းများရှိရာ နေရာသို့ သွားရောက်မည်ဆိုပါက ရှာဖွေစစ်ဆေးခြင်းမရှိဘဲ လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုထားကြောင်းလည်း မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

“မြို့ပေါ်မှာ ရပ်ကွက်တိုင်းလိုလိုပါပဲ။ အလှည့်ကျ လုပ်နေတယ်။ တန်းတွေကလည်း အရှည်ကြီးပဲနော်။ အစောင့်တွေအကြပ်တွေနဲ့ ပျူစောထီးတွေနဲ့ လုံခြုံရေးပါရှိတယ်။ အခုလောလောဆယ်က ကွင်းကျောင်းရပ် ဒေါ်လန်း၊ ဒေါ်ပု၊ အောင်သုခဘက်မှာ ရှိတယ်။ အစစ်အဆေးတွေ့ရင် ပွဲသွားမယ်၊ ဂလုပ်ဂလုပ်သွားဆွဲမယ် ပြောလိုက်ရင်ရတယ်” ဟု အဆိုပါမြို့ခံက ပြောသည်။

အလားတူ ပေါင်မြို့နယ်တွင်လည်း ကျေးရွာ ၅ ရွာထက်မနည်း၌ စစ်ကောင်စီလက်အောက်ခံတို့က လောင်းကစားဝိုင်း ကန်ထရိုက်အဖွဲ့တို့နှင့် ပူးပေါင်း၍ လချီကြာပွဲလမ်းသဘင်တို့ကို ကျင်းပလျှက်ရှိကြောင်း ပေါင်ဒေသခံတစ်ဦးက ပြောသည်။

“ဘုရားပွဲတို့ ခေါင်းစဉ်တပ်ပြီးတော့ နာမည်မရှိတဲ့ဘုရားတွေရောပဲ လွတ်လပ်ရေးပွဲတို့၊ အထိမ်းအမှတ်ပွဲတို့ ဟိုတလောကဆို ကရင်နှစ်သစ်ကူးရောပဲ အကြောင်းပြပြီး ကန်ထရိုက်ယူတယ်။ ကတိုက်ရွာမှာဆို ၁ လပြည့် နေပြီ။ သက်ဆိုင်ရာကိုတော့ ဇာတ်ပွဲသွင်းတဲ့ ပါမစ်ပေးရတယ် နေ့ရောညရော လုပ်တာ။ အကောက်အစားများတဲ့ ဟာတွေက ဂလုဂလုတွေ၊ အန်ဂလုံတွေ၊ အနီတောင်တွေ၊ အဲ့ဒါကြာရင် အကောက်ဆီပါသွားတာ တပ်ရောရဲရော လာစောင့်ပေးတယ်” ဟု ၎င်းက ပြောသည်။

နိုင်ငံအတွင်း စီးပွားရေးနှင့် အလုပ်အကိုင်ရှားပါးပြီး အဖက်အဖက်မှ ကျပ်တည်းနေစဉ်ကာလတွင် ယခုလိုမျိုး လောင်းကစားဝိုင်းပြုလုပ်ရန် ခွင့်ပြုထားသည့်အပေါ်တွင် လောင်းကစားသမားများနှင့် ခိုးဆိုးလုယက်မှုများကို တဆက်တည်း အခွင့်အရေးပေးထားခြင်းဖြစ်သည်ဟု အဆိုပါပေါင်ဒေသခံက ဆက်ပြောသည်။

မွန်ပြည်နယ်တွင် စစ်ကောင်စီက ပွဲလမ်းသဘင်ကျင်းပနေခြင်းသည် သမရိုးကျပုံစံမဟုတ်ဘဲ လောင်ကစားဝိုင်းကို အသားပေးလုပ်ဆောင်နေခြင်းဖြစ်ပြီး ပြည်သူများကို စနစ်တကျ ဖျက်ဆီးနေခြင်းကြောင့် ပါဝင်ခြင်း မပြုကြရန် သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံတစ်ဦးက သတိပေးပြောဆိုသည်။

“ပြည်သူတွေအနေနဲ့ ပျော်ပွဲရွှင်ပွဲတွေနဲ့ လောင်းကစားတွေကို ဦးစားပေးပြီး စိတ်အလိုမလိုက်ဖို့ အနူးအညွတ် မှာချင်ပါတယ်။ အဲဒီရဲ့ နောက်ဆက်တွဲအနေနဲ့ ခိုးမှု၊ ပစ္စည်းလုယက် ဓားပြတိုက်တာတွေ များလာတယ်။ ရိုးရိုးသားသားနေကြတဲ့ ပြည်သူတွေအတွက်က စိုးရိမ်စရာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

လတ်တလောဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းများတွင် မူးယစ်ဆေးဝါးအပြင် ငွေတိုးချေးမှုနှင့် ခိုးယူထားသည့် ဆိုင်ကယ်များကိုလည်း ရောင်းဝယ်မှုပြုနေကြောင်း ဒေသခံများက ပြောသည်။

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်နယ်နိမိတ်ရှိ ကျေးရွာများအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့တို့သည် ဒေသခံများအား ပွဲလမ်းသဘင်ကျင်းပရန် ဖိအားပေးတိုက်တွန်းမှုတို့ ရှိနေပြီး လောင်းကစားဝိုင်းများကိုပါ တွဲဖက်ထည့်သွင်းလာမည်ကို ဒေသခံတို့ကြား စိုးရိမ်နေကြကြောင်း သိရသည်။

IMNA ပေးပို့သည်။