မွန်ပြည်နယ်အတွင်း အခြားနည်းဖြင့် လုပ်ကိုင်သုံးစွဲခွင့်မရှိတော့သည့် လယ်ယာနှင့် ဥယျာဉ်ခြံမြေတို့ကို စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာနှင့် အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်းပြီး စိတ်ကြိုက်အကွက်ဖော်ကာ လုပ်ငန်းရှင်နှင့် ဒေသခံများထံရောင်းချနေကြောင်း စုံစမ်းသိရသည်။
စစ်ကောင်စီလက်အောက်ခံအဖွဲ့များက စီမံကိန်းမြေနေရာဟုဆိုကာ လယ်ယာမြေများကို မူလပိုင်ရှင်ထံ လျော်ကြေးငွေ အချို့ပေးဆောင်ခြင်း၊ အတင်းအဓမ္မ သိမ်းဆည်းခြင်း၊ ပြောင်းရွှေ့ခြင်းတို့ လုပ်ဆောင်စေပြီးနောက် အဆိုပါမြေကွက်များကို အကွက်ဖော်ရောင်းချလျှက်ရှိကြောင်း ဒေသခံတို့က ပြောဆိုသည်။
ယခုရက်ပိုင်းအတွင်း မုဒုံမြို့နယ်အုပ်ချုပ်ရေးမှုးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် မုဒုံ-ကန်ကြီး လမ်းမတန်းရှိ ရော်ဘာခြံမြေများကို ရှင်းလင်းကာ ပေ ၄၀ / ၆၀ မြေကွက်တစ်ကွက်လျှင် ကျပ်သိန်းနှစ်ထောင်ဝန်းကျင်နှုန်းဖြင့် မြို့နယ်ထွေအုပ်အဖွဲ့နှင့် နယ်ခံအချို့တို့က အရောင်းအဝယ်ပြုလုပ်နေသည်ဟု မုဒုံဒေသခံတစ်ဦးက ဆိုသည်။
“ စီးပွားရေးလုပ်တဲ့သူတွေနဲ့ အရောင်းအဝယ်လုပ်နေကြတာပေါ့။ အဲလိုနေရာမျိုးကို နေပြည်တော်ကနေ စီမံကိန်း အကောင်ထည်ဖော်ဖို့ ပြန်လာရှာရင်တော့ သူတို့ပြန်သိမ်းလိုက်မှာပဲလေ။ ဘယ်လိုစာရွက်စာတမ်းမှ အသုံးမဝင် နေဘူး။ အခြားနည်းသုံးစွဲခွင့်အတွက် တရားဝင်ခွင့်ပြုထားတဲ့ နေရာတွေမှမဟုတ်တာဆိုတော့” ဟု အဆိုပါ မုဒုံဒေသခံက ပြောဆိုသည်။
ထိုရော်ဘာခြံမြေများသည် မြေယာဥပဒေအရ အခြားနည်းနှင့်သုံးစွဲရန် ခွင့်ပြုချက်မရှိသည့် မြေများဖြစ်ပြီး အချိန်မရွေး ပြန်လည်သိမ်းဆည်းနိုင်သည့်အတွက် ဒေသခံတို့မှာ အရောင်းအဝယ်မလုပ်ဆောင်ရဲကြကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့တွင် စစ်ကောင်စီခန့်မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ အခြားနည်းဖြင့် မသုံးစွဲကြရန် လယ်ယာမြေစီမံခန့်ကွဲကဲမှုအဖွဲ့ အစည်းအဝေးတွင် မှာကြားပြောဆိုထားကြောင်း သိရသည်။
သို့သော် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ကိုယ်တိုင်မှ လက်ရှိတွင် မော်လမြိုင်မြို့ပေါ်ရှိ လှိုင်ရတနာမြို့ကွက်သစ် ဖော်ထုတ်ရေးစီမံကိန်းကို အကောင်ထည်ဖော် လုပ်ဆောင်နေဆဲဖြစ်သည်ဟု မော်လမြိုင်မြို့ခံများက ပြောဆိုသည်။
မော်လမြိုင်မြို့ခံတစ်ဦးက “မြေယာတွေက စိတ်ကြိုက်ရောင်းဝယ်နေကြတာပဲ၊ တချို့က စာရွက်စာတမ်းအပြည့်နဲ့ ရောင်းဝယ်ကြတယ်။ တချို့ဆို ဘာစာရွက်စာတမ်းမှမရှိလဲ ဌာနဆိုင်ရာနဲ့ပေါင်းပြီးတော့ ရောင်းဝယ်နေကြတယ်။ ယုံတဲ့လူတွေကလည်း ဝယ်နေကြတာပဲ” ဟု ပြောသည်။
ထို့အတူ စစ်အာဏာသိမ်းကာလ အစောပိုင်းကတည်းကပင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကွမ်ရိုက်၊ ရွာလွတ်၊ သက္ကောနှင့် ကွမ်လမိုင်း ကျေးရွာအတွင်း ဧကရာနှင့်ချီသည့် လယ်ယာမြေနှင့် ဥယျာဉ်ခြံများကို အကွက်ရိုက်ရောင်းချခဲ့ရာ ယခုနှစ်တွင် အကွက်ဖော်ရောင်းချမှုအခြေအနေ ပိုဆိုးရွားလာသည်ဟု ချောင်းဆုံဒေသခံတို့က ပြောဆိုသည်။
မွန်ပြည်နယ်အတွင်း စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာလည်ပတ်နိုင်သည့် မော်လမြိုင်၊ ချောင်းဆုံ၊ မုဒုံနှင့် ရေးမြို့နယ်တို့တွင် လယ်ယာမြေစီမံခွင့်ကို မြေစာရေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှုး၊ စစ်ကောင်စီအဖွဲ့နှင့် ၎င်းတို့နှင့်နီးစပ်သည့်လုပ်ငန်းရှင်တို့က ချယ်လှယ်လုပ်ကိုင်နေခြင်း ဖြစ်သည်။
လယ်ယာမြေများကို အခြားနည်းဖြင့်အသုံးပြုရန် ခွင့်ပြုချက်မရရှိဘဲ အကွက်ရိုက်ရောင်းချခြင်းနှင့် ဝယ်ယူခြင်းသည် လယ်ယာမြေဥပဒေအရ တရားဝင်မှုမရှိကြောင်းနှင့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်သည်ဟု ပြဌာန်းထားကြောင်း သိရသည်။
IMNA ပေးပိုသည်။