မွန်ပြည်နယ်တွင် VPN အသုံးပြုသူများ ငွေညှစ်တောင်းခံနေကြရ

0
182

စစ်ကောင်စီက လူမှုကွန်ရက်အသုံးပြုရာတွင် တဆင့်ခံအသုံးပြုနေရသည့် virtual Private Network ခေါ် VPN အသုံးပြုခြင်းကို ပိတ်ပင်ရန်ကြိုးစားနေသည့်အတွက် မွန်ပြည်နယ်အတွင်း VPN အသုံးပြုနေသူတို့ကို ငွေညစ် တောင်းခံမှုခံနေကြရသည်ဟု မြို့ခံများပြောဆိုမှုအရ သိရသည်။

ဇွန်လဆန်းပိုင်းမှစ၍ မြို့အဝင်အထွက်နေရာနှင့် လမ်းဆုံနေရာတို့တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ  ဝန်းထမ်နှင့် IT ပိုင်း ကျွမ်းကျင်သူတို့က လက်ကိုင်ဖုန်းများကို စစ်ဆေးလျှက်ရှိပြီး VPN ဆော့ဝဲလ် ထည့်သွင်းထား သူများကို ငွေကျပ်သိန်းဂဏန်းအထိ တောင်းခံနေသည်ဟု မော်လမြိုင်မြို့ခံတစ်ဦးက ဆိုသည်။

“အဓိကကတော့ ရဲတွေပါမယ်၊ ပြီးတော့ IT အပိုင်း ကျွမ်းကျင်တဲ့သူတွေပါမယ်။ လူငယ်လူလတ်တွေဆို သူတို့ ပိုစစ်တယ်။ VPN တွေ့လို့ရှိရင် ပိုက်ဆံတောင်းတယ်။ ၅ သောင်း ၁ သိန်း လူအခြေနေကို ကြည့်ပြီး တောင်းတာပေါ့။ ချက်ချင်းမပေးနိုင်ရင် အိမ်ကလူကိုဖုန်းဆက်ပြိးတော့ ပိုက်ဆံလာပို့ခိုင်းတယ်” ဟု ဆိုသည်။

တဆင့်ခံ VPN ဆော့ဝဲလ်အသုံးပြုလျှင် အရေးယူမည်ဟု စစ်ကောင်စီမှ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသော်လည်း မော်လမြိုင်မြို့ပေါ်တွင် ဒဏ်ငွေပေးဆောင်ခံရသူ ဆယ်ဦးထက်မနည်း ရှိနေသည်ဟု သိရသည်။

အလားတူ ရေးမြို့ပေါ်တွင် လူအသွားအလာများသည့် အထက (၁) ကျောင်းရှေ့နှင့် လမ်းဆုံမီးပွိုင့်နေရာတို့တွင် စစ်ဆေးမှု ပြုလုပ်လျှက်ရှိပြီး ဒဏ်ငွေနှစ်သိန်း ပေးဆောင်ခဲ့ရသည်ဟု ရေးမြို့ခံတစ်ဦး ဆိုသည်။

“သူတို့က အဓိက ရေးမြို့မီးပွိုင့်မှာ ပြီးတော့ အထက (၁) ကျောင်းရှေ့မှာ စစ်နေတယ်။ နေရာသတ်မှတ်ပြီး စစ်နေတာတော့ မရှိဘူး။ ကြုံရင်ကြုံသလို စစ်နေတာ၊ တစ်နေရာဆိုရင် အများဆုံးစစ်တာ တစ်နာရီ နှစ်နာရီလောက် ကြာတယ်၊ ပြီးရင်တစ်ခြားတစ်နေရာ ပြောင်းတယ်၊ စစ်ခံထိရင် အနည်းဆုံး၂ သိန်းပေးရတယ်” ဟု ၎င်းက သည်။

နည်းပညာပိုင်းကျွမ်းကျင်သည့် လူငယ်များက အပြင်သွားလာရာတွင် လုံခြုံမှုရှိအောင် Hide software application ဖြင့် အသုံးပြု သွားလာနေသော်လည်း လုံခြုံမှုမရှိနေကြောင်း မော်လမြိုင်မြို့ခံလူငယ်တစ်ဦးက ဆက်ပြောသည်။

“ရှောင်တခင် စစ်ဆေးနေတာတွေ့ရင် ရှောင်လိုက်တာရှိတယ်၊ ရှောင်မလွတ်ဘူးဆိုရင် ရှိတဲ့ VPN ကို uninstall လုပ် အိမ်ရောက်မှပြန်ဒေါင်း၊ တချို့ကလည်း software တွေနဲ့ hide လုပ်ထားကြတာပေါ့၊ social media ကို အရင်လို တွင်တွင်ကျယ်ကျယ် အသုံးမပြုနိုင်ကြတော့ဘူး။ အခုက အပြင်ထွက်ရင် VPN တွေဖြုတ် ဖုန်းကို အိမ်မှာပဲထားဖို့ လူကြီးတွေက မှာနေရပြီး ” ဟု အဆိုပါမြို့ခံလူငယ်က ဆိုသည်။

မွန်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ၏ ဒေသအချို့တွင်  VPN အသုံးပြုသူတို့ကို ဒဏ်ငွေပေးဆောင် စေသည့်အပြင်၊ အဆိုပါဆော့ဝဲလ်တို့ကို ထပ်မံအသုံးမပြုရန် တားမြစ်မှုတို့ ပိုမိုပြုလုပ်လာကြောင်း သိရသည်။

ပြီးခဲ့သည့် မေလလယ်ပိုင်းမှစ၍ မွန်ပြည်နယ်တွင် ဖုန်းလိုင်း ပြတ်တောက်ခြင်း၊ အင်တာနက်လိုင်း မမိခြင်းနှင့် လူမှုကွန်ရက်အတွက် တဆင့်ခံသုံးရသည့် VPN တို့ ချိတ်ဆက်မရခြင်းတို့ စတင်ဖြစ်ပေါ်လာခဲ့သည်။

လက်ရှိ VPN ပြဿနာကြောင့် အွန်းလိုင်းမှတဆင့် ဈေးရောင်းသူတို့ ရောင်းအားကျဆင်းနေသည့်အပြင် ပညာရေး၊ လူထုအကျိုးပြု ကိစ္စဆိုင်ရာတို့တွင်လည်း အထိအခိုက်များစွာ ရှိနေကြောင်း သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here