ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်ရှိ လေညှင်းတောင်ကျေးရွာကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ ည ၈ နာရီကျော်က စစ်ကောင်စီက ဂျက်ဖိုက်တာနှင့်ဗုံးကြဲချခဲ့ရာမှာ စိုက်ခင်းများရှိသည့်ကျွန်းပေါ်ကို ကျရောက်ပေါက်ကွဲ ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဗုံးလာရောက်ကြဲချိန်သည် ညအချိန်ဖြစ်တာကြောင့် စိုက်ခင်းများစိုက်ပျိုးထားသည့် ကျွန်းပေါ်တွင် လူမနေထိုင်တာကြောင့် ထိခိုက်မှုတစုံတရာ မရှိသော်လည်း စိုက်ခင်းနေရာအချို့ ပျက်စီးသွားခဲ့သည်ဟု ၎င်းတို့က ဆိုသည်။
ဒေသခံတစ်ဦးက “ကံကောင်းလို့ ပြောရမယ်။ ဗုံးက ရွာမှာမကျလိုက်ဘူး။ ရွာရဲ့အရှေ့ဘက်မှာရှိတဲ့ လေးမြို့ မြစ်ထဲက ကျွန်းပေါ်နေတဲ့ စိုက်ခင်းထဲမှာကျတယ်။ ကျရောက်ပေါက်ကွဲသံ အကျယ်ကြီးနဲ့အတူ မီးရောင်တွေ တောင် မြင်လိုက်ရတယ်” ဟု ပြောသည်။
စစ်ကောင်စီ ဗုံးကြဲချခဲ့သည့် လေးမြို့ချောင်းဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။
ယခုကဲ့သို့ စစ်ကောင်စီလေတပ်က လေညှင်းတောင်ကျေးရွာကို ဗုံးလာကြဲခဲ့တာကြောင့် ဒေသခံများအကြား စိုးရိမ်စိတ်ပူမှုများ ရှိနေကြသည်ဟု အထက်ပါဒေသခံက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လ ၂၁ ရက်နေ့က မြောက်ဦးမြို့နယ် အထက်လေညင်းတောင်ကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ် ၄ ဦး အပါအဝင် ဒေသခံ ၅ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။
နိရဉ္စရာ ပေးပို့သည်။