ရခိုင်ပြည်၊ မြောက်ဦးမြိုနယ်၊ လေးမြိုချောင်းဒေသရှိ အထက်လေညှင်းတောင်ကျေးရွာကို စစ်ကောင်စီက မတ်လ ၂၁ ရက် နံနက် ၈ နာရီကျော်ခန့်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဆော့ကစားနေသည့် ကလေးငယ် ၄ ဦး အပါအဝင် ၅ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျေးရွာသားများက ပြောသည်။
“မနက်ပိုင်းဆိုတော့ ရွာသားတွေက ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေထိုင်နေကြတယ်။ အဲဒီအချိန်မှာ ဂျက်တိုက်လေယာဉ်နဲ့ လာပြီး ဗုံးကြဲသွားလို အခုလိုဖြစ်သွားခဲ့ရတာ။ ကလေးတွေက ဆော့ကစားနေရင်းနဲ့ သေဆုံးသွားခဲ့ရတယ်” ဟု အထက်လေညှင်းတောင်ကျေးရွာသားတစ်ဦးက ပြောပါသည်။
လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူများမှာ မောင်သားထူး (၃) နှစ်၊ မောင်လင်းမြတ်ကို (၅) နှစ်၊ မအိခိုင်မွန် (၉) နှစ်၊ မခင်သန္တာ (၁၃) နှစ်နှင့် ဒေါ်မသိန်းယဉ် (၃၅) နှစ်တို့ဖြစ်သည်ဟု ရွာသားများက ဆိုသည်။
ဒဏ်ရာရရှိသူများမှာ မဖူးပွင့်အိမ် (၄) နှစ်၊ ဒေါ်သန်းအေးတင် (၄၇) နှစ်၊ မဝေမာ (၃၆) နှစ်၊ ဒေါ်မညွှန့်စိန် (၆၈) နှစ်၊ ဒေါ်ခင်အေးမြင့် (၄၆) နှစ်၊ ဦးအောင်တင်မောင် (၅၇) နှစ်၊ ဒေါ်ခင်အေးလှိုင် (၃၅) နှစ်၊ ဦးမောင်နိုင်စိုး (၃၃) နှစ်နှင့် အသက် (၁၂) နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ဖြစ်ကြောင်း သိရှိရသည်။
ရခိုင်တွင် စစ်ရေးအရအရေးနိမ့်နေသော စစ်ကောင်စီသည် လေကြောင်းကိုအသုံးပြုပြီး မြိုရွာရပ်ကွက်စသည့် အရပ်သားပြည်သူများ နေထိုင်ရာကို ပစ်မှတ်ထားတိုက်ခိုက်နေမှုကြောင့် အရပ်သားများ နေ့စဉ်ရက်ဆက် ထိခိုက်သေဆုံးနေကြရသည်။
မတ်လ ၁၈ ရက်တွင်လည်း မင်းပြားမြိုနယ်၊ သာဒေ (မွတ်စလင်) ကျေးရွာကို စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲမှုကြောင့် ဒေသခံစုစုပေါင်း ၅၀ ကျော် အစုလိုက်အပြုံလိုက် သေဆုံး၊ ဒဏ်ရာ ရရှိခဲ့သည်။
“စစ်ကောင်စီက စစ်ရာဇဝတ်မှုတွေကို လုံးဝကျူးလွန်နေပြီး လူသားမဆန်တဲ့လုပ်ရပ်တွေကို လုပ်ဆောင်နေတယ်” ဟု ရခိုင်လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောဆိုသည်။
ရခိုင်တွင် တိုက်ပွဲ စတင်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့ အထိ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးသူ (၁၁၁) ဦးနှင့် ဒဏ်ရာရရှိသူ (၃၅၇) ဦးအထိ ရှိသည်ဟု AA က ထုတ်ပြန်ထားသည်။
အောင်ထိန် (DMG) ပေးပို့သည်။