မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက် တရုတ်စီးပွားရေးစီမံကိန်းကို ကာကွယ်ပေးခြင်းဟု ပြောဆို

0
293
ပုံစာ - တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းတခု (Photo - CRI Myanmar)

မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထိန်းချူပ်နယ်မြေအတွင်း တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ထုတ်ပြန် ကြေညာချက်က တရုတ်စီးပွားရေး စီမံကိန်းများနှင့် လာရောက်ရင်းနှီးမြုပ်နှံမှုများကို ကာကွယ်ပေးချင်တဲ့ ရည်ရွယ်ချက် ဖြစ်တယ်လို့ ပြည်သူတချို့က ပြောဆိုသည်။

ကိုးကန့် MNDAA ၊ တအောင်းတပ်မတော် TNLA နှင့် ရက္ခိုင့်တပ်တော် AA စတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းများအပေါ် နှောက်ယှက်ဖျက်ဆီးသူတွေကို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမယ့်အပြင် ရင်းနှီးမြှုပ်နှံမှုကုမ္မဏီ (သို့မဟုတ်) ပုဂ္ဂိုလ်များအပေါ် အနှောက်အယှက် ပေးတာတွေ၊ ဆတ်ကြေးတောင်းခံတာ မလုပ်ဖို့ ဖော်ပြထားပြီး ပြစ်မှုကျူးလွန်သူ မည်သူကိုမဆို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်ဆိုတဲ့ အချက်တွေ ပါရှိတာကို တွေ့မြင်ရပါတယ်။

ရှမ်းမြောက်ဒေသမှာ လွန်ခဲ့တဲ့ ၃ နှစ်ခန့်က စပြီး တရုတ်စီးပွားရေး စီမံကိန်းတချို့ စတင်တိုးချဲ့ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပြီး လက်ရှိမှာလည်း လားရှိုး – မူဆယ် လမ်းမတလျှောက် တရုတ်၏ စီးပွားရေး စီမံကိန်းများ အကောင်အထည်ဖော်ရန် ကြိုးစားနေတာကြောင့် အဲဒီစီမံကိန်း လုပ်ငန်းစဉ်တွေကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ထုတ်ပြန်တာ ဖြစ်နိုင်တယ်လို့ ရှမ်းမြောက်ဒေသတွင်း ကျွမ်းကျင်သူတစ်ဦးက အခုလို သုံးသပ်ပြောဆိုသည်။

“တရုတ်ရဲ့စီးပွားရဲ့စီမံကိန်းကြီးတွေ ဝင်လာတော့မယ်၊ OBOR မီးရထားလမ်းစီမံကိန်း၊ အခြားစီးပွားရေးစီမံကိန်းတချို့တွေက ဒီဘက်ကို အရင်နှစ်ကတည်းက မြေတွေသိုင်းပြီး အကောင်အထည် ဖော်နေပြီ။ တချို့ဆို စတင်လုပ်ငန်းစနေတာလည်းရှိတယ်။ ကွတ်ခိုင်မှာဆို နွားကုမ္မဏီအကြီးကြီးရှိတယ်။ ဒါတွေလည်း တရုတ်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ စီးပွားရေးတစ်ခုပဲ။” လို့ ပြောပါတယ်။

တရုတ်-မြန်မာ ရထားလမ်း စီမံကိန်းအတွက်ကိုတော့ မန္တလေး-မူဆယ် လမ်းဖြစ်နိုင်ခြေ မြေပြင်အနေအထား လေ့လားဆန်းစစ်ချက်ကို တရုတ်ကုမ္မဏီ CREEG ဘက်မှ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက မြေများသိုင်းထွာ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။

တရုတ် ရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်မာနယ်စပ် ရှမ်းမြောက်ကိုဖြတ်ပြီး မန္တလေးကနေတဆင့် ရခိုင်ကမ်းရိုးတန်း ကျောက်ဖြူအထိ ဖောက်လုပ်ဖို့လျာထားတဲ့ စီမံကိန်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ရှမ်းမြောက် လားရှိုး- မူဆယ် အာရှလမ်းမကြီးတစ်လျှောက်က လမ်းမနေရာတချို့လမ်းဘေးတွေမှာတော့ တရုတ်စီးပွားရေး စီမံကိန်းအတွက် ဆိုင်းဘုတ်စာများ မြေယာသတ်မှတ်တဲ့ ဆိုင်းဘုတ်တွေကို စတင်စိုက်ထူထားပြီဟု ကွတ်ခိုင်ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက တရုတ်နယ်စပ်ရှိ မိုင်းလားမြို့မှာ တရုတ်ရဲ့ကြားဝင်စေ့စပ်ပေးမှုကြောင့် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့် MNDAA ၊ တအောင်း TNLA နှင့် ရခိုင့်တပ်တော် AA တို့ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြပါတယ်။

ဆွေးနွေးမှုအပြီး ခုလို ထုတ်ပြန်ချက်ဖြစ်ပေါ်လာခဲ့တာဟာ တရုတ်ရဲ့ စီးပွားရေးကြောင့်သာဖြစ်တယ်လို့ ကချင်ဒေသဆိုင်ရာ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦး ပြောပါတယ်။

“အဓိကတော့ မိုင်းလားမှာ တရုတ်နဲ့ စစ်တပ်နဲ့ သွားတွေ့ဆုံခဲ့တဲ့ နောက်ဆက်တွဲ ဖြစ်တယ်လို့ မြင်တယ်။ သူတို့က သူတို့ရဲ့နောက်ကွယ်မှာ တရုတ်နဲ့အဆင်ပြေအောင် ကြိုးစားတယ်။ ပြီးတော့ ဒေသတွင်း သူတို့ရဲ့လှုပ်ရှားမှု အခြေအနေကိုကြည့်ရင် ပေါ်ပေါ်တင်တင်ပြီး စာမှာထည့်ရေးပြစရာ မလိုဘူး၊ တန်းသိတယ်။ တရုတ်ရဲ့ စီးပွားရေး စီမံကိန်းတွေ မထိခိုက်အောင် အဓိကပြောချင်တယ်ဆိုတာ တွေ့ရတယ်။ ရခိုင်ဘက်ဆိုရင် ကျောက်ဖြူစီမံကိန်းတို့ ဘာတို့ တရုတ်ရဲ့စီမံကိန်းကြီးတွေ စတင်နေပြီ။ ဒါတွေနဲ့ အကုန်သက်ရောက် ချိတ်ဆက်နေတယ်” ဟု ပြောသည်။

ယင်းအပြင် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့တွင် ကန်ပိုက်တီကနေ မြစ်ကြီးနားမြို့မှာရှိတဲ့ နန်ကျင်စီးပွားရေးဇုန် စီမံကိန်းအတွက် တရုတ်စီးပွားရေး လုပ်ငန်းရှင်အဖွဲ့က လာရောက်သွားတယ်ဆိုသည့် ပြောဆိုမှုတွေ ရှိနေပေမယ့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

အလားတူ ကချင်ဒေသမှာသာမက မြန်မာတနိုင်ငံလုံးအဆင့် တရုတ်ကိုင်တွယ်ထားသည့် စီးပွားရေးစီမံကိန်းများ ထိခိုက်နှောက်ယှက်ခြင်း မခံရအောင် အဖွဲ့အစည်းတိုင်း၊ လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တိုင်းကို တရုတ်ဘက်မှ ပုံမှန်ဖိအားပေးနေသည်ဟု ကချင်ဒေသ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက သုံးသပ်ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကို ဆက်သွယ် မေးမြန်းရန် ကြိုးစား နေသော်လည်း လက်ရှိချိန်ထိ ဆက်သွယ်လို့ မရသေးပါ။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးပဋိပက္ခများနှင့် လူမှုစီးပွားရေး ပြဿနာများကြား တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် အကောင်ထည်ဖော်နေဆဲ ဖြစ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here