မြေမြှုပ်မိုင်းကြောင့် စစ်ရေးပြင်းထန်နေသည့်ရခိုင်တွင် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လာနေ

0
242
Photo – APM

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ တိုက်ပွဲကာလအတွင်း မြေမြုပ်မိုင်းနင်းမိ၍ အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်လာနေပြီး ယခုမတ်လအတွင်း မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦး အထိ ရှိလာနေသည်။

ရခိုင်ဒေသခံများသည် စစ်ကောင်စီတပ်သားများ စခန်းချခဲ့သည့်နေရာများ၊ တပ်စခန်းနှင့် ရဲစခန်းအနီးအနားတို့ကို အကြောင်းအမျိုးမျိုးကြောင့် သွားလာလှုပ်ရှားမိရာမှ မိုင်းနင်းမိပြီး ထိခိုက်သေဆုံးမှုများ ရှိနေခြင်း ဖြစ်သည်။

ရခိုင်ဒေသခံ အမျိုးသားတစ်ဦးက “ကျနော်တို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လေကြောင်းအန္တရာယ်ကို စိုးရိမ် နေရတယ်။ ပြီးရင် စစ်ကောင်စီက ထောင်ထားတဲ့ မိုင်းတွေကို သွားရင်းလာရင်းနဲ့ နင်းမိမှာကိုလည်း ကြောက်နေ ရတယ်။ အသက်အန္တရာယ်က လုံခြုံမှု မရှိတော့ဘူး” ဟု ပြောသည်။

ရခိုင်ပြည်တွင် တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ မတ် ၁၆ ရက်နေ့ အထိ ၄ လကျော် အတွင်း မြို့ပေါ်၊ မြို့အနီးအနားနှင့် ကျေးလက်ဒေသတို့တွင် မိုင်းနင်းမိ၍ သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရသူ ၂၀ ဦး အထိ ရှိနေကြောင်း ပြုစုထားသောစာရင်းအရ သိရသည်။ (မြေပြင်တွင် ယခုစာရင်းထက် ပိုများနိုင်ပါသည်)

သေဆုံးသွားသူများမှာ ဘူးသီးတောင်မှ ၁ ဦး၊ မောင်တောမှ ၁ ဦး ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ မင်းပြားမှ ၄ ဦး၊ မြေပုံမှ ၄ ဦး၊ ကျောက်ဖြူမှ ၄ ဦး၊ ကျောက်တော်မှ ၂ ဦး၊ ရသေ့တောင်မှ ၂ ဦး၊ မောင်တောမှ ၂ ဦး၊ ဘူးသီးတောင်မှ ၁ ဦးနှင့် အမ်းမှ ၁ ဦး တို့ဖြစ်သည်။

စစ်ကောင်စီသည် မြေမြှုပ်မိုင်း၊ နင်းမိုင်း၊ စွန့်လွှတ်မိုင်း၊ တိုက်မိုင်းနှင့် ထောင်မိုင်းများကို ၎င်းတို့၏ တပ်စခန်းများ အနီးအနားတွင် သာမက အရပ်သားပြည်သူများနေထိုင်ရာ မြို့ရွာများ၊ စာသင်ကျောင်းများနှင့် သာသနိက အဆောက်အအုံများ အပါအဝင် အများပြည်သူသွားလာသည့် နေရာများတွင် ထောင်ထားတတ်သဖြင့် အထူး သတိထား သွားလာကြရန် ညီနောင်မဟာမိတ် (၃) ဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။

မတ်လ ၁၃ ရက်နေ့က မင်းပြားမြို့နယ်၊ ကျားရဲပြင်ကျေးရွာမှ အမျိုးသမီးတစ်ဦးသည် ရွာအနီးတွင် ထင်းရှာနေစဉ် မိုင်းနင်းမိ၍ ဘယ်ဖက်ခြေထောက် ပြတ်ထွက်သွားခဲ့သည်။ ယင်းနေ့တွင်ပင် မြေပုံမြို့၊ ကံသာထွက်ဝ ရပ်ကွက်မှ အမျိုးသားတစ်ဦးလည်း မြို့အနီးတွင် မိုင်းနင်းမိ၍ ညာခြေပြတ်ထွက်သွားပြီး ဘယ်ဖက်ခြေထောက်မှာလည်း ထိခိုက်ဒဏ်ရာ ရရှိသွားသည်။

မတ်လ ၁၁ ရက်နေ့ကလည်း ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်မှ ဒေသခံအမျိုးသားတစ်ဦးနှင့် မင်းတက်တောင် ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးသညိ မိုင်းနင်းမိ၍ ဘယ်ခြေထောက်များ ပြတ်ထွက်သွားခဲ့သည်။

ကျောက်ဖြူမြို့ခံအမျိုးသားတစ်ဦးက “ အခုဆို မြို့အနီးအနားက ကျေးရွာတွေမှာ မိုင်းပေါက်ကွဲလို့ ထိခိုက် ဒဏ်ရာရတာတွေ ရှိလာတယ်။ မိုင်းအန္တရာယ်ကို မြို့ထဲဧရိယာမှာတော့ စိုးရိမ်စရာ မရှိပေမယ့် မြို့ပြင်ကို ထွက်လိုက်လို့ရှိရင် ဘယ်ခြေလှမ်းမှာ အသက်ပါသွားမလဲ ဆိုတဲ့အထိ စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေပြီ” ဟု ပြောသည်။

ပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွားသည့်နေရာများ၊ စစ်ကောင်စီက လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်နေသည့် နေရာများသို့ မလွှဲမရှောင်သာ သွားလာရမည်ဆိုပါက သတိထား သွားလာကြရန်၊ စစ်ကောင်စီ၏ စွန့်လွှတ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန် ပစ္စည်းများသည် အချိန်မရွေးပေါက်ကွဲတတ်သဖြင့် စစ်အသုံးအဆောင်ပစ္စည်းများကို ကိုင်တွယ်ခြင်း မပြုရန် ညီနောင်သုံးဖွဲ့က အထူးသတိပေးထားသည်။

ရခိုင်ပြည်တွင် စစ်ရေးအရ အဘက်ဘက်မှ ရှုံးနိမ့်နေရသည့် စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများ နေထိုင်ရာ မြို့ရွာများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်း၊ လက်နက်ကြီများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပြည်သူများ သွားလာလှုပ်ရှားရာ နေရာများတွင် မိုင်းထောင်ခြင်းများကြောင့် အရပ်သားထိခိုက်သေဆုံးမှုမှာ မြင့်တက် လာနေသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here