မြေမြှပ်မိုင်းအန္တရာယ်ကြောင့် သံဖြူဇရပ်- ဘုရားသုံးဆူ လမ်းတလျှောက် ရာဘာလုပ်ငန်းမစနိုင်သေး

0
125
ပုံစာ - သံဖြူဇရပ်နှင့် ဘုရားသုံးဆူ လမ်းပိုင်းတနေရာရှိ ရာဘာခြံတချို့။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်သို့ ဆက်သွယ်သွားလာနိုင်သည့် သံဖြူဇရပ်- ဘုရားသုံးဆူ လမ်းပိုင်းတလျှောက်ရှိ ရာဘာခြံတို့တွင် မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် လက်ရှိ ရာဘာပင်ရွက်ဟောင်းခြွေချိန်တွင် ရာဘာစေးမခြစ်နိုင် သေးကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းရှိ ရဲတံခွန်ကျေးရွာတွင် တိုက်ပွဲအခြေအနေ ငြိမ်နေသော်လည်း ဒေသခံတို့ကြား မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားနေသဖြင့် ခြံပိုင်ရှင်အပြင် ခြံလုပ်သားများက ရာဘာရာသီရပ်နား ချိန်ကာလ နီးလာချိန်တွင်လည်း လုပ်ငန်းမစတင်နိုင်သေးကြောင်း ရဲတံခွန်ရွာအနီး ရာဘာခြံလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

“တိုက်ပွဲက ဒီအချိန်တဝိုက်မှာ မရှိတော့ပါဘူး၊ ဒါပေမဲ့ ဒေသခံတွေက အဲ့ဘက်မှာ မြေမြှုပ်မိုင်းနင်းမိနေတယ်လို့ ကြားနေရတော့ ရဲတံခွန် အဲ့တဝိုက်က နေရာတွေမှာဆို ဘယ်သူမှမသွားရဲဘူး။ ခြံပိုင်ရှင်တွေလည်းမသွားရဲ ရာဘာခြစ်လုပ်သားတွေလည်း မသွားရဲ” ဟု ၎င်းက ပြောသည်။

အနန်းကွင်းဗျူဟာတိုက်ပွဲ အစောပိုင်းကာလဖြစ်သည့် ပြီးခဲ့သည့် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ဒေသခံ ခြံလုပ်သားအမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦး မြေမြှပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရပြီး ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ဇီးနှစ်ပင်ရွာသား ၂ ဦးနှင့် သံဖြူဇရပ် ပငရွာမှ အမျိုးသား ၁ ဦး မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

သံဖြုဇရပ်- ဘုရားသုံးဆူ လမ်းပိုင်းတလျှောက်တွင် ရာဘာအစေး မထွက်သေးသည့် သက်တမ်းနုရာဘာခြံများ အပါအဝင် ရာဘာခြံဧကပေါင်း ၁၀၀၀ ခန့် ရှိနေပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများကြောင့် ယခုအချိန်ထိ ဒေသခံများအပါအဝင် ရာဘာခြံ လုပ်ငန်းလုပ်ကိုင်သူတို့ပါ အသွားအလာ မလုပ်ရဲသေးကြောင်း သိရသည်။

“ရဲတံခွန် သံဖြူဇရပ်ဘက်ခြမ်းရော၊ ဘုရားသုံးဆူဘက်ခြမ်းရောဆိုရင် ရာဘာခြစ်လို့ရတဲ့ခြံရော မရတဲ့ခြံရော ဧက ၁ ထောင်လောက် ရှိတယ်။ ဒါပေမဲ့ တိုက်ပွဲဖြစ်တဲ့အချိန်ကစပြီး ဒီကနေ့အထိ ဘယ်သူမှလဲ မသွားရဲ၊ ဒီအတိုင်းပဲ ပစ်ထားတယ်။ ဆုံးရှုံရတာတွေက နည်းမှမနည်းတာ” ဟု ရဲတံခွန်ရွာတွင် ရာဘာပင်စိုက်ပျိုးထားသည့် ပငရွာသား ခြံလုပ်ငန်းရှင်က ပြောသည်။

အနန်းကွင်းဗျူဟာစခန်း လက်မလွှတ်ရရေးအတွက် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုအဖွဲ့တို့အကြား ပြီးခဲ့သည့် ၂၀၂၅ နှစ်သစ်ကူးရက်အတွင်း ၄ ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here