မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်ကောင်စီဂိတ်ကို တော်လှန်ရေးအင်အားစုတွေက စနိုက်ဘာနဲ့ ပစ်ခတ်ခဲ့ရာမှာ ဒုရဲအုပ်တစ်ဦးနဲ့ ရဲတပ်ကြပ်တစ်ဦး ကျည်ထိမှန်ခဲ့တယ်လို့ မြိုင်(ပ.က.ဖ) က သတင်းထုတ်ပြန်သည်။
ဩဂုတ်လ ၂၉ ရက်နေ့က မြိုင်မြို့နယ်အနောက်ဘက်ရှိ ကိုးဆောင်ဘုန်းကြီးကျောင်းဂိတ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီ တပ်သားတွေကို တစ်ရက်တည်း နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ရာမှာ အခုလို စစ်ကောင်စီဘက်က ၂ ဦး ကျည်ထိမှန်ခဲ့ခြင်း ဖြစ်သည်။
“မနက်ပိုင်းက ဒုရဲအုပ်ဇင်မင်းထွန်းကို ပစ်ပြီးတော့ ထပ်မံစုံစမ်းကြည့်တော့ သေဆုံးသွားပြီလို့ သိရတယ်” လို့ မြိုင်(ပ.က.ဖ) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကျည်ထိမှန်သေဆုံးခဲ့သည်ဆိုသည့် ဒုရဲအုပ်ဇင်မင်းထွန်းကို စနိုက်ဘာနဲ့ နံနက် ၇ နာရီဝန်းကျင်မှာ ပစ်ခတ်ခဲ့တာ ဖြစ်ကြောင်းနှင့် ယင်းဂိတ်ကိုပဲ ညနေပိုင်းမှာ နောက်ထပ်မံပြီး စနိုက်ဘာနဲ့ ချောင်းမြောင်းပစ်ခတ် ခဲ့ရာမှာ ရဲတပ်ကြပ်တစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း မြိုင်(ပ.က.ဖ) ထံက သိရသည်။
ထိုသို့ ပစ်ခတ်ချိန် စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်တာကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က ပြန်ဆုတ်ခွာပေးခဲ့ရတယ်လို့ ဆိုသည်။
ခုခံတော်လှန်စစ် အားကောင်းနေသည့် မြိုင်မြို့နယ်အတွင်း မကြာခဏဆိုသလို စစ်ကောင်စီတပ်တွေ တိုက်ခိုက် ခံနေရတာဖြစ်ပြီး ဩဂုတ်လ ၂၈ ရက်နေ့က ကိုင်းတောမ ရဲစခန်းကို ပူးပေါင်းတပ်ဖွဲ့ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။