မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် က ၃ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့သည်ဟု မြိုင်ပကဖက ပြောဆိုသည်။
မတ်လ ၂၀ ရက်နေ့က မြိုင်မြို့နယ်၊ ကိုင်းတောမကျေးရွာ စက်ရေတွင်းအထိုင်စခန်းကနေ ထွက်လာသည့် စစ်ကောင်စီတပ်သား ၁၂ ဦးပါ စစ်ကြောင်းနှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“မီတာသုံးဆယ်အကွာကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီးတော့ သိမ်းဆည်းရမိတဲ့ ဖုန်းထဲကနေ သေဆုံးစစ်ကောင်စီ တပ်သားတွေရဲ့ ဓာတ်ပုံနဲ့အချက်လက်တွေ သိမ်းဆည်းရမိခဲ့တယ်” ဟု မြိုင်ပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦး သေဆုံးခဲ့သလို MA1 သေနတ် ၁ လက်၊ MA3 သေနတ် ၁ လက်၊ ကျည်ဘောက် ၆ ခု၊ ကျည် ၁၂၀ တောင့်၊ ဘေးလွယ်အိတ် ၁ လုံးနဲ့ ဖုန်း ၂ လုံးသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုကို မြိုင် ပကဖ၊ တပ်ရင်း ၁ တပ်ခွဲ ၄ စက်ြာ၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ မဟာမိတ် တပ်ပေါင်းစု MUGDF၊ James Bond၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ ကင်ဒိုတပ်ဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း ၂-၆-၇၊ မြိုင် ပကဖ IO အဖွဲ့Pakokku People’s Defense Force ၊ Young Force UG နဲ့ Earthquake People’s Defence Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
လက်နက်ကိုင်တော်လှန်ရေး အားကောင်းသည့် မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ အကြား မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က အထိနာနေကြောင်း ဒေသခံများက ပြောသည်။
မတ်လ ၁၉ ရက်နေ့ကလည်း သရက်ခွပျူစောထီးစခန်းကို မောင်းသူမဲ့ လေယာဉ်နှင့် အကြိမ် ၂၀ နီးပါး တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီဘက်က ၁ ဦး သေဆုံးပြီး ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။