တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပလမြို့ မြိတ်-ပုလောလမ်းပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်ပြီး စစ်ဆေးရေးဂိတ် ပိတ်ထားမှုကြောင့် ခရီးသွားကား ရာနှင့်ချီ ပိတ်မိနေကြောင်း ဒေသခံခရီးသွားများနှင့် တော်လှန်ရေးအင်အားစုများက ပြောသည်။
ဇွန်လ ၁၆ ရက် နံနက် ၉ နာရီ က စပြီး ပုလောအခြေစိုက် စစ်ကောင်စီ ခလရ (၂၈၅) တပ်ရင်းနှင့် ပလရဲစခန်းရှိ စစ်ကောင်စီတပ်တို့က ပဝတ်ကုန်းနှင့် ကဒဲရွာဘက်သို့ တိုက်ပွဲမရှိဘဲ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ ဖြစ်စဉ်အတွင်း စစ်ကောင်စီက ပလမြို့ စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားလာရသည့် ခရီးသွား ကားများနှင့် ကုန်တင်ကားများကို သွားလာခွင့်မပြုပဲ ပိတ်ပင်ထားခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲမရှိဘဲ လက်နက်ကြီး ပစ်ခတ်ပြီး ကားလမ်းများ ပိတ်ဆို့ခြင်းက ခရီးသွားကားများနှင့်အတူ စစ်ကောင်စီယာဉ်တန်းများက ကြားညှပ်သွားလာဖို့ ဖြစ်နိုင်ကြောင်း မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေး တာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ညနေ ၄ နာရီအချိန်အထိ ခရီးသွားကားများကို ဖြတ်သန်းသွားလာခွင့်မပြုပဲ ဆက်လက် ပိတ်ပင်ထားကြောင်း ခရီးသည်တင် ယာဉ်မောင်းတစ်ဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ပလ စစ်ဆေးရေးဂိတ်က မြိတ်မှ ရန်ကုန်သို့ အတက်ကားများသာမက ရန်ကုန်မှ မြိတ်ဘက် အဆင်းကားတွေကိုပါ ဖြတ်သန်းခွင့်မပြုတော့ပဲ ပိတ်ထားခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ် မြိတ် – ရန်ကုန် ကားလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြား မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားနေပြီး ယာဉ်မောင်းအပါအဝင် ခရီးသွားများ ထိခိုက်သေဆုံးမှုများလည်း ဖြစ်ပေါ်လျက် ရှိသည်။
ယင်းအပြင် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်းရှိ အမှတ် ၈ လမ်းမကြီးတလျှောက် အသုံးပြု ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များကို ဇွန်လ ၁၅ ရက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ခရီးမသွားကြရန် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) က ကြေညာချက် ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခရီးသွားပြည်သူများကို အကာအကွယ်ယူပြီး သွားလာနေသောကြောင့် ယခုလို ထုတ်ပြန်ရခြင်းဖြစ်သည်ဟု KNLA ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ပုလောမြို့နယ်သည် စစ်တပ်အာဏာသိမ်းခဲ့သည့် ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေး အင်အားစုတို့ကြား တိုက်ပွဲအကြိမ် ၁၀၀ ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။