23 ဧပြီ 2025 /

See today's Peace Related News

သတင်းမြိတ်မြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဆန်အိတ်တင်ဆောင်လာမှုဖြင့် သားအဖနှစ်ဦးကို ဖမ်းဆီး

မြိတ်မြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဆန်အိတ်တင်ဆောင်လာမှုဖြင့် သားအဖနှစ်ဦးကို ဖမ်းဆီး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ ကြေးနန်းတိုင်တံတား စစ်ဆေးရေးဂိတ်တွင် ဆန်အိတ် တင်ဆောင်လာမှုဖြင့် သားအဖ ၂ ဦးအား စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးလိုက်သည်ဟု ရွာသားများက ပြောသည်။

အဆိုပါသားအဖ ၂ ဦးသည် မြိတ်မြို့ရှိ သစ်ခွဲစက်ရုံသို့ သစ်တင်ပို့ပြီးနောက်အပြန်တွင် ကြေးနန်းတိုင်တံတား စစ်ဆေးရေးဂိတ်တွင် ဧပြီလ ၁၅ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးခံရခြင်းဖြစ်​သည်ဟု ပြောဆိုကြသည်။

အေးသာယာရွာသစ်မှ ရွာသားတစ်ဦးက “မြိတ်က အပြန်ဆိုပေမဲ့ ကြေးနန်းတိုင် စစ်ဆေးရေးဂိတ်က စစ်ဆေးပြီး လွှတ်လိုက်ပြီးမှ၊ ခုံမော်ရွာရောက်တော့ ပျူစောထီးအဖွဲ့နဲ့ဆုံပြီး ထပ်အစစ်ခံရတယ်၊ ဆန်အိတ်တွေပါလာတယ် သွားမရဘူး၊ ပြန်လှည့်ဆိုလို့ မြိတ်ကိုအပြန် ကြေးနန်းတိုင်ဂိတ်က ပြန်ဖမ်းလိုက်တာ” ဟု ပြောသည်။

ပြီးခဲ့သည့်မတ်လအတွင်းကလည်း ကြေးနန်းတိုင်တံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဆန်အိတ် တင်ဆောင်လာခြင်းကြောင့် ဖမ်းဆီးခံထားရသည့် ကုန်ကား ၅ စီးထက်မနည်းရှိနေပြီး ကားသမားများပါ ဖမ်းဆီးခံရသည်။

အဆိုပါ ကားသမားများလည်း ယနေ့အချိန်ထိ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးဟု နီးစပ်သူများက ပြောသည်။

ဖမ်းဆီးခံရသူတို့သည် အသက် ၄၂ နှစ်အရွယ်ဖခင်ဖြစ်သူနှင့် ဆယ်ကျော်သက်အရွယ် သားဖြစ်သူတို့ဖြစ်ကြပြီး မြိတ်ဒေသခံများဖြစ်ကြသလို သစ်လုပ်ငန်းလုပ်ကိုင်နေကာ တနင်္သာရီမြို့နယ်အတွင်းရှိ အေးသာယာရွာသစ်တွင် မိသားစုလိုက် အခြေချနေထိုင်ကြခြင်း ဖြစ်သည်။

အဖမ်းခံရသည့် သားအဖနှစ်ဦးသည် နှစ်ပေါင်းများစွာကပင် သစ်တင်ပို့သည့်အလုပ်ကို လုပ်ကိုင်နေခြင်းဖြစ်ပြီး စစ်အာဏာသိမ်းပြီးကာလများနှင့် တိုက်ပွဲများအကြားတွင်လည်း ပုံမှန်ဖြတ်သန်းသွားလာနေသူများဖြစ်ကြကြောင်း ရွာသားများက ပြောဆိုသည်။

ဖမ်းဆီးခံရသည့် သားအဖ ၂ဦးကို မြိတ်လေတပ်စခန်းကို ခေါ်ဆောင်သွားသည်ဟု သိရှိရပြီး လက်ရှိအချိန်ထိ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရရှိသေးဘူးဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကလည်း ကြေးနန်းတိုင်တံတား စစ်ဆေးရေးဂိတ်တွင် မြိတ်ဘက်မှ တနင်္သာရီမြို့နယ်၊ မော်တုန်းကျေးရွာများဘက်သို့ ကုန်ပစ္စည်းပို့ဆောင်နေသည့် ကုန်ကားတစ်စီးနှင့် အမျိုးသားနှစ်ဦး ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအချိန်ထိ ပြန်မလွတ်သေးကြောင်း မော်တုန်းရွာသားများက ပြောဆိုကြသည်။

NMG ပေးပို့သည်။