မြိတ်တွင် ဥယျာဉ်ခြံသွားသူ မိုင်းနင်းမိ၊ ဒဏ်ရာပြင်းထန်

0
284
ပုံစာ - မင်းထိန်ကျေးရွာသားတစ်ဦး ဥယျာဉ်ခြံသွားစဉ်မိုင်းနင်းမိ။

စစ်အုပ်ချုပ်ရေး ဒေသအဖြစ် သတ်မှတ်ခံထားရသည့် မြိတ်ခရိုင်၊ ပုလောမြို့နယ် မင်းထိန်ကျေးရွာမှ ရွာသားတစ်ဦး ဥယျာဉ်ခြံသွားစဉ် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဖြတ်ရမည့်အထိ ကိုယ်ခန္ဓာအောက်ပိုင်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ရွာသားများက ပြောသည်။

မင်းထိန်ကျေးရွာသား အသက် ၅၀ နှစ်အရွယ် ဦးကုလား ဘိုင် ဆိုသူသည် ဇူလိုင်လ ၉ ရက်နေ့ ညနေ ၃ နာရီ ဝန်းကျင်က ဥယျာဉ်ခြံသို့ သွားစဉ် မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။

“မြိတ်ဆေးရုံမှာ ဆေးကုသနေရတယ်၊ ခြေထောက် တစ်ဘက်က အခြေအနေ မကောင်းဘူး။ ဖြတ်ပစ်ရမယ်လို့ ကြားရတယ်” ဟု အသက် ၃၅ ခန့်အရွယ် ရွာသားတစ်ဦးက ပြောသည်။

မင်းထိန်ကျေးရွာသို့ စစ်ကောင်စီတပ်များ မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပြီး ပြည်သူ့ကာကွယ်ရေး တပ်များလည်း လာရောက်ခဲ့ခြင်းကြောင့် နှစ်ဖက်အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားတတ်သည်ဟု ဒေသခံ များက ဆိုသည်။

ဒေသခံများ၏ ပြောဆိုချက်များအရ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကမူ ဒေသခံများ သွားလာနေသည့် နေရာများ၊ ဥယျာဉ်ခြံသို့သွားသည့် လမ်းများတွင် ယခုကဲ့သို့ မြေမြုပ်မိုင်းများ ထောင်ခြင်းကို မလုပ်ကြဟု ဆိုသည်။

သို့သော်လည်း ယခုနင်းမိသည့်မိုင်းမှာ မည်သည့်အဖွဲ့အစည်းဘက်က ထောင်ထားသည်ကိုမူ ထုတ်ဖော် ပြောဆိုခြင်း မရှိလို့ မသိရသေးပါ။

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့က ပလမြို့ ရဲစခန်းအနောက်ဘက် လယ်ကွင်းအတွင်း စပါးစိုက်ပျိုးရန် လယ်ထဲဆင်းသူ ဒေသခံတစ်ဦး မိုင်းနင်းမိ၍ ခြေထောက်တစ်ဘက် ဆုံးရှုံးခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့သည် ဒေသခံအရပ်သားများ လုပ်ကိုင်စားသောက်ကြရသည့် ဥယျာဉ်ခြံ သွားရာလမ်းများ၊ လယ်ယာများတွင် မိုင်းများကို ထောင်လေ့ ရှိသည်ဟု ဒေသခံများက ဆိုသည်။

အလားတူ ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်း၌ ပလမြို့အနီး မင်းပြင်ကျေးရွာ၊ ကိုးပင်တောင်နေရာ၌ သစ်ချသီးစေ့ ကောက်ရန်သွားသူ ဒေသခံနှစ်ဦး မိုင်းနင်းမိခဲ့ရာမှ တစ်ဦးသေဆုံးပြီး တစ်ဦးမှာ မျက်စိနှစ်ဖက်လုံး အမြင်အာရုံ ဆုံးရှုံးခဲ့သည်။

ယင်းအပြင် ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်ဘက်မှ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေတာကြောင့် ဒေသခံများ ကျည်စထိမှန် ဒဏ်ရာရသည့် ဖြစ်စဉ်များအပြင် မြေမြုပ်မိုင်း နင်းမိခြင်းကြောင့် မကြာခဏ ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။

တနင်္သာရီတိုင်းတွင် ဇွန်လတစ်လအတွင်း အရပ်သားပြည်သး ၂၃ ဦး သတ်ဖြတ်ခံရကြောင်း FE5 Tanintharyi သုတေသနအဖွဲ့က ထုတ်ပြန်ထားခဲ့ရာတွင် သေဆုံးသွားသည့် အရပ်သားများသည် ပုလောမြို့နယ်မှ ၈ ဦး၊ ကော့သောင်း၊ လောင်းလုံး၊ သရက်ချောင်း မြို့နယ်တို့မှ ၃ ဦး စီ၊ မြိတ်နှင့် တနင်္သာရီ မြို့နယ်တို့မှ ၂ ဦး စီနှင့် ကျန်မြို့နယ်တို့မှ ၁ ဦးစီ ဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

ထို့အပြင် ယခု သေဆုံးသူ ၂၃ ဦးထဲတွင် စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုနှင့် လက်နက်ကြီးနှင့် ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့ရသည့် အရပ်သား ၁၀ ဦးခန့် ရှိပြီး စစ်ကြောရေး၌ နှိပ်စက်မေးမြန်းမှုကြောင့် သေဆုံးသွားသည့် ဖြစ်စဉ်များလည်း ရှိသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

တနင်္သာရီတိုင်းတွင် တိုက်ပွဲဖြစ်ပွားမှု တစ်လထက်တစ်လ ပိုမိုပြင်းထန်လာပြီး ဇွန်လအတွင်း၌ ပြည်သူ့ ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲပေါင်း အကြိမ် ၄၁ ခန့် ဖြစ်ပွားခဲ့သည်ဟု FE5 Tanintharyi သုတေသန အဖွဲ့က ထုတ်ပြန်သည်။

NMG ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here