မြိတ်တွင် စစ်ကောင်စီတပ်ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး

0
227
Photo - ကျွန်းစု PDF

တနင်္သာရီတိုင်း၊ မြိတ်မြိုနယ်တွင် အင်အား ၇၀ ဝန်းကျင်ပါ ခြေလျင်စစ်ကြောင်းကို တော်လှန်ရေးအင်အားစုများက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇန်နဝါရီ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်က တနင်္သာရီမြို့မှလာသည့် အဆိုပါစစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်း ကို တဂံတောင်ပုကျေးရွာနှင့် ခုံမှော်ကျေးရွာကြားတွင် တော်လှန်ရေးအင်အားစုများက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တော်လှန်ရေးအင်အားစုများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူလည်း များပြားကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်တာကြောင့် တဂံတောင်ပု ကျေးရွာက ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် စာသင်ကျောင်း ၁ ကျောင်းလည်း မီးလောင်ပျက်စီး ခဲ့ကြောင်း တောဗုံးကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တနင်္သာရီမြို့နယ်နှင့် မြိတ်မြို့နယ် လမ်းပိုင်းများ၌ ဖြစ်ပေါ်နေသည့် စစ်ရေးအခြေအနေအရ ဒေသခံများနှင့် ခရီသွားပြည်သူများ အနေဖြင့် စစ်ရေးသတိရှိကြရန်နှင့် တော်လှန်ရေးအင်အားစုတို၏ ထုတ်ပြန်ချက်များကို လိုက်နာပေးရန် အသိပေးတိုက်တွန်းထားကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့-ပကဖ၊ တောဗုံးကြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့(တနင်္သာရီ-ပကဖ)၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖနှင့် တနင်္သာရီတိုင်း လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြောက်ကျားစနစ်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာနောက်ဆုံးအပတ်တွင် မြိတ်မြို့နယ်၊ တဂံတောင်ပုကျေးရွာ၌ ငွေကြေးကောက်ခံ နေသော စစ်ကောင်စီ စစ်ဆေးရေးတိုးဂိတ်ကို တော်လှန်ရေးအင်အားစုများက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here