မြိတ်ခရိုင်အတွင်းရှိ ပြည်ထောင်စုလမ်းမကြီးကို ညပိုင်းအသုံးမပြုရန် PDF သတိပေးထုတ်ပြန်

0
121
Photo - PDF

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်းရှိ အမှတ် – ၈ ပြည်ထောင်စုလမ်းမကြီးလမ်းပိုင်းကို ညပိုင်း ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စစ်ဆင်ရေးဌာနက သတိပေးထုတ်ပြန်ထားသည်။

မြိတ်ခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့် ပုလောမြို့နယ် ပြည်ထောင်စုလမ်းမကြီး၊ မြိတ်မြို့နယ်အထွက် ကျောက်ဖြူတောင်လမ်းဆုံမှ ကြေးနန်းတိုင်လမ်းတလျှောက်နှင့် တနင်္သာရီမြို့နယ်အတွင်းက ပြည်ထောင်စုလမ်းမကြီးကို ညနေ ၆ နာရီမှ မနက် ၆ နာရီအတွင်း အသုံးမပြုကြဖို့ စက်တင်ဘာ ၁၆ ရက်နေ့ ရက်စွဲနှင့် တိုင်း PDF က သတိပေးထုတ်ပြန်ခြင်းဖြစ်သည်။

နေ့ဘက်ပိုင်းတွင် သွားလာကြသည့် ခရီသွားကားများအနေနှင့်လည်း မှန်ချပြီးမှသာ မောင်းနှင်းကြရန်နှင့် ကုန်တင်ကားများအနေနဲ့လည်း အလုံပိတ် ဖုံးအုပ်ထားခြင်းများ လုံးဝမပြုလုပ်ကြရန်လည်း အသိပေးထားသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလှုပ်ရှားနေသည့် နေရာတိုင်းတွင် စစ်ကောင်စီတပ်က ဒေသခ့အရပ်သားများကို အဓမ္မဖမ်းဆီး၍ ပေါ်တာဆွဲခြင်း၊ အရပ်သားပြည်သူများကို အကာအကွယ်ယူပြီး စစ်ရေးလှုပ်ရှားမှု ပြုမှုနေသည့်အပြင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း တိုင်း PDF နှင့် ဒေသခံများက ပြောသည်။

စစ်ကောင်စီ၏ အုပ်ချုပ်ရေးထောက်တိုင်ဖြစ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ရာအိမ်မှူးများသည်လည်း စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး ပြည်သူများကို အဓမ္မ စစ်မှုထမ်းစေရန် လုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။

ယင်းသို့သောအခြေအနေများကြောင့် တိုင်းစစ်ဌာန (တနင်္သာရီ) ဗျူဟာ ၃၅ နယ်မြေအတွင်းရှိ တပ်ရင်းတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းများက အဆိုပါမြို့နယ်များတွင် စစ်ရေးတိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်တာကြောင့် စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်နှင့် အုပ်ချုပ်ရေး ပစ်မှတ်များကို တိုက်ခိုက်ရှင်းလင်းသွားမည်ဟုလည်း တိုင်း PDF က ဖော်ပြထုတ်ပြန်ထားသည်။

တဖက်တွင်လည်း မြိတ်ခရိုင်အတွင်းရှိ ပုလော၊ မြိတ်နှင့် တနင်္သာရီမြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကြား နှစ်ဖက်စစ်ရေးတင်းမာနေသည်ဟု ဆိုသည်။

ယခု တိုင်း PDF ၏ ထုတ်ပြန်ချက်သည် စစ်ကောင်စီက အသွင်ယူလုပ်ဆောင်မှုများရှိနေတာကြောင့် လေးနက်စွာ တားမြစ်ခြင်းဖြစ်ပြီး လိုက်နာခြင်းမရှိပါဘဲ အကြောင်းတစုံတရာ ဖြစ်ပေါ်ခဲ့ပါက တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်းလည်း အသိပေးရေးသား ဖော်ပြထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here