မြန်မာစစ်ဘေးရှောင်များ၏ ဇီဝဆိုင်ရာအချက်အလက်များ မီဇိုရမ်ပြည်နယ်တချို့မှာ ကောက်ယူနေလို့ စိုးရိမ်မှုတွေရှိနေ

0
253
ပုံစာ - နေရပ်စွန့်ထွက်ပြေးနေရသည့် ချင်းစစ်ရှောင်များ

မီဇိုရမ်ပြည်နယ်တောင်ပိုင်း Siaha မြို့ပေါ်ရှိ မြန်မာစစ်ဘေးရှောင်များ၏ ဇီဝဆိုင်ရာအချက်အလက် (Bio Data) များကို သက်ဆိုင်ရာဒေသတွင်း အာဏာပိုင်နှင့် အရပ်ဖက်အဖွဲ့များက ပူးပေါင်းကောက်ယူ နေသည်ဟု စစ်ဘေးရှောင်များထံက သိရသည်။

Siaha မြို့ပေါ်တွင် ပြီးခဲ့သည့်အပတ်က စ၍ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Mara Thyutlia Py (MTP) က မြန်မာစစ်ဘေးရှောင် ပြည်သူများအားလုံးကို Bio Data ကောက်ယူရန် ရပ်ကွက်အတွင်း လိုက်လံကြေညာခဲ့ပြီးနောက် ဇီဝအချက်အလက်များကို စတင် ကောက်ယူနေသည်ဟု Siaha မြို့တွင် နေထိုင်သူ စစ်ဘေးရှောင်တစ်ဦးက အခုလို ပြောသည်။

“ပြီးခဲ့တဲ့အပတ်ကစပြီး MTP ကနေ အသံချဲ့စက်နဲ့ ရပ်ကွက်တွေကို လိုက်လံဆော်သြတယ်။ မြန်မာစစ်ဘေးရှောင်တွေ Bio Data ပေးအပ်ဖို့ပေါ့နော်၊ ရပ်ကွက်တစ်ခုတော့ ပြီးသွားပြီလို့ သိရတယ်။ ကျန်တဲ့ရပ်ကွက်တွေမှာ ဆက်ပြီး ကောက်ယူနေတယ်။ သူတို့ပြောတဲ့ ပုံစံအရကတော့ ကိုယ်ရေး အချက်အလက်တွေ လာမပေးရင်တော့ တစ်ခုခုဖြစ်ရင် တာဝန်မယူဘူးဆိုတဲ့ ပုံစံမျိုးလည်းပြောတယ်” အဆိုပါစစ်ရှောင်သူက ပြောသည်။

Siaha မြို့တွင် စစ်ဘေးရှောင် ခိုလှုံနေကြသော မြန်မာစစ်ဘေးရှောင် ပြည်သူများသည် MTP ရုံး သို့ သွားရောက်၍ ၎င်းတို့၏ ကိုယ်ရေးဆိုင်ရာ အချက်အလက် (နာမည်၊ မိဘ၊နေရပ်လိပ်စာ၊) လက်ဗွေ၊ မျက်ကြည်လွှာ၊ ဓာတ်ပုံ စသည့် အချက်အလက်များကို ပေးအပ်ရသည်ဟု စစ်ရှောင်များက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီနှင့် အနီးကပ်ဆက်ဆံရေး ရှိနေသည့် အိန္ဒိယအစိုးရအနေဖြင့် ယခုကဲ့သို့ ၎င်း၏နိုင်ငံအတွင်း ခိုလှုံနေကြသော မြန်မာစစ်ဘေးရှောင်များအား ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူမှုအပေါ် စစ်ဘေးရှောင်များအကြား လုံခြုံရေးအရ စိုးရိမ်မှုများလည်း ရှိနေကြသည်။

စစ်ဘေးရှောင်တစ်ဦးက “အခုဟာက နာမည်တို့၊ နေရပ်လိပ်စာတို့ပဲ ယူတာမဟုတ်ဘူး၊ လက်ဗွေတွေ ယူတယ်၊ မျက်ကြည်လွှာတွေလည်း scan ဖတ်တယ် ဆိုတော့ ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲပေါ့နော်၊ အတော်များများက စိုးရိမ်နေကြတယ်၊ သူတို့လုပ်ခိုင်းတဲ့အတိုင်း မလုပ်ရင်လည်း တစ်ခုခုဖြစ်မှာလည်း စိုးရိမ်ရပြန်တယ်” ဟု ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး Siaha မြို့က Mara Thyutlia Py (MTP) ဥက္ကဌ Pakhaw Choza ကို ဆက်သွယ်မေးမြန်းရာတွင် အိန္ဒိယပြည်ထဲရေး ဝန်ကြီးဌာနက ကောက်ယူခိုင်းသည့်အတွက် ၎င်းတို့ အနေဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ခြင်းသာဖြစ်ပြီး ဘာရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သည်ကို မသိရှိကြောင်း ပြန်လည်ပြောဆိုသည်။

“အိန္ဒိယပြည်ထဲရေးဝန်ကြီး ဌာနကနေ biometric mapping (ဇီဝဗဒေဆိုင်မြေပုံ) လုပ်မယ်လို့ ပြောတယ်၊ ကျနော်တို့အနေနဲ့ လုပ်ဆောင်တာ မဟုတ်ဘူး။ ဗဟိုအစိုးရဘက်ကနေ လာတာ ဖြစ်တယ်၊ အဓိကတော့ ကျနော်တို့ဆီမှာ ဒုက္ခသည်တွေ ဘယ်လောက်ရှိသလဲဆိုတာ သူတို့သိချင်ပုံရတယ်ဆိုတော့ စစ်ဘေးရှောင်တွေအတွက် ဘာမှစိုးရိမ်စရာတော့ မရှိလောက်ပါဘူး” ဟု MTP) ဥက္ကဌ Pakhaw Choza က ပြောသည်။

မြန်မာစစ်ဘေးရှောင်များ၏ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်း အစီစဉ်ကို မီဇိုရမ်ပြည်နယ် တခုလုံးတွင် ဆောင်ရွက်ကြမည်ဟု သိရသော်လည်း အခြားသော မြို့များတွင် ယခုကဲ့သို့ ဆောင်ရွက်ခြင်းမျိုး မရှိသေးကြောင်း စစ်ဘေးရှောင်သူများ၏ ပြောဆိုမှုအရ သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here