မြစ်ဆုံအထက်ရှိ အင်ဂျန်းယန်မြို့မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၂ ခု အပြီးဆုတ်ခွာ

0
313
ပုံစာ - အင်ဂျန်းယန်မြို့မှ စစ်ကောင်စီတပ်စခန်း ၂ ခု အပြီးဆုတ်ခွာ။

ကချင်ပြည်နယ်၊ မြစ်ဆုံအထက် အင်ဂျန်းယန်မြို့မှာ တပ်စွဲထားသည့် ဆယ်စုနှစ်ကြာရှိသော စစ်ကောင်စီ တပ်စခန်း ၂ ခု အပြီး ရုတ်သိမ်းဆုတ်ခွာသွားပြီလို့ ဒေသခံများက ပြောဆိုသည်။

နိုဝင်ဘာ ၂၀ ရက် ညနေ ၃ နာရီခန့် ကတည်းက အင်ဂျန်းယန်မြို့ တပ်စခန်းနဲ့ ၁၆ မိုင်ဂိတ် ဇွပ်မိုင်ယန် စတဲ့ စခန်းတွေထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကား ၅ စီးနဲ့ အပြီးဆုတ်ခွာ ပြန်ဆင်းသွားပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “မှန်တယ် မနေ့ညနေ အားလုံးဆင်းသွားပြီ၊ အင်ဂျန်းယန်မြို့ထဲ စစ်သားတွေ တစ်ယောက်မှ မကျန်တော့ဘူး။ မနေ့ညနေပိုင်း စစ်ကား ၅ စီးနဲ့ အားလုံးအပြီး ဆင်းသွားတာ၊ ခုဂွေထော်တပ်စခန်းထဲ ဝင်ရောက် နေတယ်ပြောတယ်။ အဲ့ကနေ ပြန်ဆင်းလာပြီလား၊ မဆင်းလာသေးဘူးလားတော့ မသိသေးဘူး” လို့ ပြောပါသည်။

အင်ဂျန်းယန်မြို့တပ်စခန်းနဲ့ ၁၆ မိုင်ဂိတ်၊ ဇွပ်မိုင်ယန် စတဲ့စခန်းတွေကနေ စစ်ကား ၅ စီးနဲ့ ဆုတ်ခွာဆင်းသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် လက်ရှိ အင်ဂျန်းယန်အောက် ဂွေထော်တပ်စခန်းထဲသို့ ဝင်ရောက်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပြသည်။

ယင်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့ ကတည်းက လက်နက်ပစ္စည်း၊ ရိက္ခာများကို ကြိုတင်သယ်ယူ ပြင်ဆင်ပြီး နိုဝင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းမှာတော့ စစ်သားတွေအားလုံး ကား ၅ စီးနဲ့ ဆင်းပြန်သွားကြောင်းနှင့် ၎င်းတို့နဲ့အတူ မြို့ထဲရှိ ရဲတပ်ဖွဲ့ဝင်တချို့လည်း ပါသွားတယ်လို့ သိရသည်။

အင်ဂျန်းယန်ဒေသ၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိပေမဲ့ အခုလို စစ်ကောင်စီတပ်စခန်းတွေ ဆုတ်ခွာသွားတာက လုံခြုံရေးကို စိုးရိမ်တာကြောင့် ကြိုတင်ပြင်ဆင်တဲ့ အနေအထားဖြစ်တယ်လို့ ဒေသခံတစ်ဦးက အခုလို သုံးသပ်ပြောဆိုသည်။

“တကယ်ဆို အင်ဂျန်းယန်က ဘာမှတိုက်ပွဲဖြစ်ပွားတာလည်း မရှိဘူး။ ဆယ်စုနှစ်အတွင်း အခုလို တပ်စခန်း တစ်ခုလုံး ဆုတ်ခွာဆင်းသွားတာလည်း မရှိဖူးဘူး။ အင်ဂျန်းယန်မြို့ထဲကို တပ်စွဲတဲ့ တပ်စခန်းတွေပဲလေ၊ တော်တော်ကြာပြီလေ အရင်ခေတ်ကတည်းက အင်ဂျန်းယန်ဒေသမှာ တပ်စွဲနေတာဟုတ်တယ်။ ဇွပ်မိုင်ယန်ဂိတ်က တပ်စခန်းဆိုလည်း တော်တော်ကြာပြီ။ အခုအားလုံးသိမ်းပြီး ဆုတ်ခွာသွားကြတာဆိုတော့ သူတို့ တော်တော်စိုးရိမ်လာပုံရှိတယ်” ဟု အဆိုပါဒေသခံက ပြောပါသည်။

အဆိုပါသတင်းနဲ့ ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့-KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းရာ၌ သေချာမသိသေးတာကြောင့် စုံစမ်းနေဆဲလို့သာ ပြန်လည်ဖြေဆိုသည်။

အင်ဂျန်ယန်ဒေသကို မေခနဲ့ မလိခမြစ်တို့ အကြား မြစ်ဆုံအထက် တြိဂံနယ်မြေလို့လည်း ခေါ်ဆိုကြပြီး ယခုဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်စခန်း ၂ ခုဟာ အင်ဂျန်ယန်နယ်မြေ တစ်ခုလုံးရှိ နှစ်ခုတည်းရှိတဲ့ စခန်းတွေဖြစ်ပြီး တပ်စခန်းအားလုံး ရုတ်သိမ်းဆုတ်ခွာသွားခြင်းလည်း ဖြစ်သည်။

အင်ဂျန်းယန်မြို့ရှိ ထိုစစ်ကောင်စီတပ်စခန်း ၂ ခု ၌ စစ်ကောင်စီအင်အား ၁၀၀ ခန့် ပုံမှန်တပ်စွဲလျက်ရှိပြီး KIA တပ်မဟာ ၁ နယ်မြေထဲက အရေးပါတဲ့ စစ်ကောင်စီတပ်စခန်းလည်းဖြစ်ကြောင်း သိရသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here