မြစ်ကြီးနား – ဗန်းမော်လမ်းတကြော တိုက်ပွဲပြင်းထန်နေ၊ ဖွန်းပရန်ဘွမ့်နှင့် ဒေါ့ဖုန်းယန်တပ်စခန်းကြီး ၂ ခု KIA သိမ်းပိုက်ရရှိ

0
270
ပုံစာ - မြစ်ကြီးနား - ဗန်းမော်ကားပိုင်းလမ်းတကြောရှိ စစ်ကောင်စီတပ်စခန်းတချို့ကို မတ်လ ၇ ရက်နေ့က KIA တိုက်ခိုက်သိမ်းပိုက်နေစဉ်။

ကချင်ပြည်၊ မြစ်ကြီးနား – ဗန်မော်ကားလမ်းမပေါ်တွင် ၂ ရက်တာဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ စစ်ဗျူဟာမြောက် ဒေါ့ဖုန်းယန်တပ်စခန်းနှင့် ဖွန်းပရန်ဘွမ့်တပ်စခန်း ၂ ခု အပြင် ရှေ့တန်းစခန်းငယ်များစွာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ဒေါ့ဖုန်းယန်မြို့ထဲရှိ စစ်ကောင်စီ ခလရ ၁၄၂ တပ်ရင်း (Hkanggai Bum) ကို KIA ပူးပေါင်းတပ်များက မတ်လ ၇ ရက်နေ့တွင် စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၈ ရက်နေ့ မနက်ပိုင်းတွင်လည်း ဆက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများက အလံဖြူထောင် လက်နက်ချခဲ့တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“တပ်စခန်းတွေကို မီးရှို့ဖျက်ဆီးလိုက်ပြီ။ အဲမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေကလည်း အလံဖြူထောင် လက်နက်ချလိုက်တာဖြစ်တဲ့အတွက် တပ်စခန်းအထဲမှာရှိတဲ့ တပ်သားတွေနဲ့ လက်နက်ပစ္စည်းတွေကို ကားနဲ့သယ်ယူဖို့ စီစဉ်နေကြပြီ” လို့ အဆိုပါ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါသည်။

KIA တပ်များက ဒေါ့ဖုန်းယန်တပ်စခန်းကို မတ်လ ၇ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် တပ်စခန်း အနီးတဝိုက် စလောင်ကောင့် (ဒေသခေါ်) အထိသာ ရောက်နိုင်ခဲ့ပြီး ဒီကနေ့ (မတ်လ ၈ ရက်နေ့) မနက်ပိုင်း ၆ နာရီ ဝန်းကျင်လောက်ကနေ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ၎င်းက ဆိုသည်။

ဒေါ့ဖုန်းယန်တပ်စခန်း တိုက်ခိုက်သိမ်းပိုက်မှုအတွင်း KIA ဘက်က စစ်ကောင်စီတပ်သား ၁၀၀ ကျော်နှင့် တပ်မိသားစုဝင် ၈၀ ကျော်ကို ဖမ်းဆီးရမိကြောင်း သတင်းအရင်းအမြစ်များ ပြောဆိုမှုအရ သိရသော်လည်း ဆက်လက်အတည်ပြုနေဆဲပင် ဖြစ်သည်။

ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်စခန်းသည် မြစ်ကြီးနား – ဗန်းမော် ကားလမ်းမ အနောက်ဘက်ခြမ်း ဒေါ့ဖုန်းယန် စာသင်ကျောင်းနှင့် ဖာလုံကပ်ရက် ဧက ၂၀ ခန့်ကျယ်ဝန်းပြီး စစ်အင်အား ၁၀၀ ကျော်နှင့် နှစ်ပေါင်း ၃၀ ကျော်ကြာ တပ်ချထားသည့် တပ်စခန်းကြီးတစ်ခုဖြစ်တယ်လို့ ဒေသခံများက ပြောပါသည်။

ယင်းတပ်စခန်းသည် ဒေါ့ဖုန်းယန်အထက် KIO လိုင်ဇာအနီးတဝိုက်ရှိသည့် ဖွန်းပရန်ဘွမ့် (Hpun Pyen Bum)၊ ခယာဘွမ့် (Hkaya Bum) နှင့် အင်းတပ့်ဘွမ့် (Ntap Bum) စသည့် စစ်ကောင်စီတပ်၏ ဗျူဟာမြောက် တပ်စခန်း နေရာများနှင့် ရှေ့တန်းတပ်စခန်းများစွာရှိသည့် နေရာများကို စစ်ရိက္ခာသယ်ပို့ပေးနေသည့် တပ်စခန်းကြီး တစ်ခုလည်း ဖြစ်သည်။

ထိုကြောင့် ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်းသည် မြစ်ကြီးနား – ဗန်းမော်ကားလမ်းတကြော စစ်ကောင်စီတပ်၏ စစ်ရေးအရ အလွန်အရေးပါသည့် တပ်ခန်းတစ်ခုကို KIA က ထပ်မံသိမ်းပိုက်နိုင်တာ ဖြစ်တယ်လို့ ဒေါ့ဖုန်းယန် ဒေသခံအမျိုးသားတစ်ဦးက အခုလို ပြောပါသည်။

“ဒီတပ်စခန်းက KIO လိုင်ဇာ အနီးတဝိုက်မှာရှိတဲ့ စစ်တပ်ရဲ့တပ်စခန်းတွေထဲက အကြီးဆုံးတပ်စခန်းလို့ ပြောလို့ ရတယ်။ ဒီတပ်စခန်းကနေ တဆင့် အင်အားတွေစုပြီးတော့ အထက်မှာရှိတဲ့ ခယာဘွမ့်၊ ဖွန်းပရန်ဘွမ့်ဘက်ကို စစ်အင်အား ၊ ရိက္ခာတွေ သယ်ပို့ပေးနေတာဖြစ်တယ်” လို့ ၎င်းက ဆိုသည်။

KIA က စစ်မျက်နှာပြန်ဖွင့်လိုက်သည့် စခန်းသိမ်းတိုက်ပွဲ မတ်လ ၇ ရက်နေ့ တစ်ရက်တည်းမှာပင် မြစ်ကြီးနား – ဗန်းမော် ကားလမ်းမပေါ်ရှိ ဒေါ့ဖုန်းယန်၊ နွမ်လန့်၊ ကုန်းလော၊ မြို့သစ်၊ နောင်ကွန်မြှောက်တပ်၊ ခယာဘွမ့်၊ ဘွမ့်ရေဘွမ်၊ ဒါဆိုင်းနှင့် အင်တပ့်ဘွမ့် စသည့် စစ်ကောင်စီတပ်စခန်းများကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မတ်လ ၇ ရက်နေ့ တိုက်ပွဲတွင် KIA ဘက်က စစ်ကောင်စီ တပ်စခန်းများဖြစ်သည့် ဖွန်းပရန်ဘွမ့် (Hpunpyen Bum) တပ်စခန်း၊ နွမ်လန့်အနီးတဝိုက်ရှိသည့် ဒါဆိုင်းတပ်စခန်းနှင့် ရှေ့တန်းတပ်စခန်းငယ် အများအပြားကို သိမ်းဆည်နိုင်ခဲ့တယ်လို့ အတည်ပြုပြောသည်။

“မနက် ၆ နာရီကနေ စတိုက်တယ်။ နေ့လည်ပိုင်း ခဏငြိမ်ပြီး ညနေပိုင်းမှာ ပြန်တိုက်တယ်။ လိုင်ဇာနဲ့ အနီးဆုံး ဖြစ်တဲ့ ဖွန်ပရန်ဘွမ့်ကို သိမ်းလိုက်ပြီပြောတယ်။ ပြီးတော့ ဘွမ်ရေဘွမ့်၊ ခယာဘွမ့်၊ ရှဒန်ပါစတဲ့ စခန်းတွေရဲ့ ရှေ့တန်း စခန်းငယ်တွေပေါ့။ ကာကရိန်း ပို့(စ်)စခန်းတွေ ၁၀ ခုလောက် သိမ်းလိုက်ပြီ” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

မတ်လ ၈ ရက်နေ့ ဒုတိယမြောက်နေ့မှာလည်း ဆက်လက်ကျန်ရှိနေသည့် တပ်စခန်းနေရာများတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး တချို့တပ်စခန်းများကိုလည်း ပြန်လည်သိမ်းပိုက်ထားနိုင်တယ်လို့ သိရသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

တဖက်တွင်လည်း စစ်ကောင်စီတပ်က တပ်စခန်းတချို့ကို လက်လွတ်ဆုံးရှုံးနေရသလို တိုက်ပွဲအတွင် ထိခိုက် သေဆုံးမှုများနေတာကြောင့် လေကြောင်းနှင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေတယ် လို့ KIA ရှေ့တန်းသတင်းရင်းမြစ်များထံက သိရသည်။

လက်ရှိဖြစ်ပွားနေသော တိုက်ပွဲသည် ဒေသအတွင်း နှစ်ရှည်အခိုင်အမာ တပ်ချထားသည့် စစ်ကောင်စီ တပ်စခန်းများဖြစ်ပြီး များသောအားဖြင့် ကျေးရွာအဝင်နှင့် ကျေးရွာအနီးတဝိုက်တွင် ရှိနေကြသည့် တပ်စခန်းများလည်း ဖြစ်ကြသည်။

လက်ရှိတွင် မြစ်ကြီးနား – ဗန်းမော် ကားလမ်းမပေါ် ဒေါ့ဖုန်းယန်အနီးတဝိုက်ရှိသည့် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူ ၅၀၀၀ ခန့်သည် နေရပ်စွန့်ခွာပြီး မုန်လိုင်ခ (Munglai Hka) တကြောဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြသလို မန်နောင်နှင့် နန့်ရီကျေးရွာများဘက်သို့လည်း တိမ်းရှောင်နေကြကြောင်း သိရှိရသည်။

မတ်လ ၇ ရက်နေ့ KIA က စခန်းသိမ်းတိုက်ပွဲအဖြစ် ဖော်ဆောင်လိုက်သည့် တိုက်ပွဲအတွင်း ဗန်းမော်ကားလမ်းရှိ ဝိုင်းမော်မြို့နယ်ထဲက ရွှေညောင်ပင်တပ်စခန်းနှင့် အောင်မြေ (၁) ရွာမှ ဦးရွှေမင်းဦးဆောင်သည့် အင်လုန်ခ ပြည်သူ့စစ်တပ်စခန်း ၂ နေရာလည်း ပါဝင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ရွှေညောင်ပင်နှင့် အောင်မြေ (၁) တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲ၌ ဝိုင်းမော်ဒေသအတွင်း လီဆူပြည်သူ့စစ်အဖြစ် ရပ်တည်နေသည့် ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းကိုယ်တိုင်လည်း KIA ၏ တိုက်ခိုက်မှု့ကြောင့် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here