မြစ်ကြီးနားမြို့တွင် နှစ်ရက်ဆက်တိုက် လက်နက်ကြီးကျပေါက်ကွဲပြီး အရပ်သားနှင့် နေအိမ်တချို့ထိခိုက်

0
123
ပုံစာ - လက်နက်ကြီးကျမှန်ပြီး ထိခိုက်ပျက်စီးသွားသည့် အရပ်သားနေအိမ်တချို့။

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့တွင် နှစ်ရက်ဆက်တိုက် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး မြို့ခံအမျိုးသမီးတစ်ဦးအပါအဝင် လူနေအိမ်၊ ဘုရားကျောင်းဆောင်နှင့် ကားတချို့ ထိခိုက်ပျက်ဆီးမှုရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့ မနက် ၆ နာရီဝန်းကျင်က မြို့သစ်ကြီးရပ်ကွက်ထဲ လက်နက်ကြီးကျရောက်လို့ အဆောက်အဦးတစ်လုံး ထိမှန်ပျက်ဆီးခဲ့ပြီး ဒီဇင်ဘာလ ၅ ရက်နေ့တွင် တပ်ကုန်းရပ်ကွက်အနောက်ဘက်က ရာဒါကောင့် B ရပ်ကွက်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ဆိုသည်။

မြစ်ကြီးနားမြို့ခံတစ်ဦးက “လက်နက်ကြီးကျတာကတော့ ည ၁၂ နာရီဝန်းကျင်မှာ ဟုတ်တယ်။ အဲ့ဒီနောက် ၅ မိနစ် အကြာမှာပဲ နောက်ထပ်တစ်လုံးကျတယ်။ ရဝမ်ဒမ်း AG ဘုရားကျောင်းနားက ကားတစ်စီးလည်း ထိသွား တယ်။ ပြီးတော့ အိမ်တချို့ ထိသွားတယ်။ အများကြီးပါပဲ၊ အုတ်တံတိုင်းထိတာတွေရောပေါ့။ လူတစ်ယောက် ကတော့ ခါးနားနဲ့ မျက်စိနားမှာ မိုင်းဆနည်းနည်းထိသွားတယ်” ပြောသည်။

ဒီဇင်ဘာ ၄ ရက်နေ့ဖြစ်စဥ်တွင် နမ့်ပေါင်လေတပ်စခန်း ရှော့တိုက်ဒုံးနှင့် ပစ်ခတ်ခံရသည့်အတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) က လက်နက်ကြီးတချို့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ မြို့သစ်ကြီးရပ်ကွက်၊ ပါရဂူဆေးခန်းနောက်ရှိ အဆောက်အဦးတစ်ခု ထိမှန်ပျက်ဆီးခဲ့ကြောင်း မြို့ခံများက ပြောသည်။

ဒီဇင်ဘာ ၅ ရက်နေ့ ရာဒါကောင်း B ရပ်ကွက်ဖြစ်စဥ်တွင် ညပိုင်း၌ ရုတ်တရက် ပေါက်ကွဲသံနှင့်အတူ နေအိမ်တချို့ ပျက်ဆီးသွားခဲ့ပြီး မည်သည့်အဖွဲ့အစည်းက ပစ်ခတ်လိုက်သည်ဆိုသည်ကို မသိရသေးဟု ဒေသခံများက ပြောသည်။

ဗုံး ကျရောက်ပေါက်ကွဲခဲ့သည့်နေရာသို့ ရောက်ရှိခဲ့သူ မြို့ခံတစ်ဦးက “လက်နက်ကြီးလို့တော့ ပြောတာပဲ။ သွားတော့ သွားကြည့်တာဟုတ်တယ်။ တော်တော်လေး အခြေနေလည်း ဆိုးနေတယ်” ဟု ပြောသည်။

ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် မတ်လကစ၍ စစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဆက်တိုက် ပြင်းထန်ခဲ့ပြီး မြို့တော်မြစ်ကြီးနားမြို့တွင်း၌လည်း လက်နက်ကြီး မကြာခဏပေါက်ကွဲလေ့ရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လနောက်ဆုံးအပတ်အတွင်း မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်နှင့် ကြက်ပေါင်ခြံရပ်ကွက် တို့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုရှိခဲ့ပြီး နေအိမ်တချို့ ထိမှန်ပျက်ဆီးခဲ့သေးတယ်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here