ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စက်သုံးဆီကို ပြင်ပဆိုင်များမှ ဝယ်ယူနေရပြီး တစ်လီတာ ၂ သောင်းကျပ်အထိ ပေါက်ဈေး ရှိနေသည်ဟု မြို့ခံများက ပြောသည်။
လက်ရှိတွင် မြစ်ကြီးနားမြို့၌ လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်ကြီးများမှ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေသောကြောင့် ပြင်ပဆိုင်များကိုသာ အားကိုးဝယ်ယူနေရသည်ဟု ဒေသခံတို့က ပြောဆိုကြသည်။
စက်သုံးဆီ အရောင်းဆိုင်များတွင် ဆိုင်ကယ်တစ်စီး ၅ ထောင်ကျပ်၊ ကားတစ်စီး ၂ သောင်းကျပ်ဖိုးအထိသာ အကန့်အသတ်ဖြင့် ရောင်းချပေးနေသောကြောင့် ပြင်ပဆိုင်များတွင် ၂ သောင်းကျပ်ဝန်းကျင်အထိ ဈေးကြီးပေး၍ ဝယ်ယူနေရသည်ဟု ဆိုသည်။
မြစ်ကြီးနားမြို့အတွင်း ယာဉ်လိုင်းပြေးဆွဲနေသူတစ်ဦးက “ဓါတ်ဆီကတော့ မနေ့ညအထိကို ၂ သောင်း ၂ သောင်း ခွဲနဲ့ ဝယ်ရတယ်ပေါ့လေ။ ဒါပေမယ့် တချို့ဓါတ်ဆီဆိုင်တွေ ပြန်ဖွင့်တဲ့ဟာတွေတော့ ၈ ထောင် တစ်သောင်း လောက်နဲ့ ဝယ်ရတယ်လို့ ပြောတယ်။ အဲဒီဟာတွေကလည်း ဆိုင်တွေက အမြဲတမ်းဖွင့်တာတော့ မဟုတ်ဘူးပေါ့။ အခု မိုးညှင်းဘက်မှာ ပိတ်မိနေတဲ့ ဆီကားတွေလည်း ပြန်ဖွင့်ပေးလိုက်ပြီဆိုတော့ ဓါတ်ဆီဈေး ဘယ်လို ဖြစ်လာမလဲမသိဘူး” ဟု ပြောသည်။
မြစ်ကြီးနား – ဝိုင်းမော် – ကန်ပိုင်တည် လမ်းတလျှောက်ရှိ စစ်ကောင်စီ တပ်စခန်းများကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ဇွန်လ ၁၁ ရက်နေ့တွင် ထိုးစစ်ဆင်ခဲ့သည့်နောက်ပိုင်း ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်သွားပြီး စက်သုံးဆီဈေး တစ်ရိပ်ရိပ် တက်လာခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများက ပြောဆိုကြသည်။
သို့သော် မန္တလေးဘက်မှ ဝင်နေသေးသည်ဖြစ်ရာ ယခုအခြေအနေအထိ ဆိုးရွားခြင်းမရှိဘဲ ဇွန်လ ၂၅ ရက်နေ့က စတင်သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းရောက်မှသာ တိုက်ပွဲအခြေအနေများကြောင့် ပိုမိုပြတ်လပ်လာခြင်းဖြစ်သည်ဟု ဆိုသည်။
လတ်တလော အခြေအနေအရ မြို့ခံများမှာ စက်သုံးဆီ အရောင်းဆိုင်များတွင် အချိန်ကြာမြင့်စွာ တန်းစီရခြင်း၊ တန်းစီသူများမှာ မိမိအလှည့်ရောက်မှ ဓါတ်ဆီကုန်သွားခြင်းနှင့် တန်းစီနေရာအတွက် (နေရာ) ကို ပြန်ရောင်း ချသူများကြောင့် ပြင်ပဆိုင်နှင့် ဈေးနှုန်းကွာခြားချက်များ ရှိနေသည်။
အဆိုပါ အခြေအနေများကြောင့် လိုသလောက်ဝယ်ယူနိုင်သည့် ပြင်ပဆိုင်များကသာ ရောင်းအား ပိုကောင်းနေကြသည်ဟု ယာဉ်လိုင်းပြေးဆွဲနေသူတစ်ဦးက ဆက်ပြောသည်။
“ကျနော်ကြားသလောက် ပြင်ပဆိုင်တွေက လမ်းဘေးဆိုင်တွေမှာစီပြီး ရောင်းနေကြတယ်လို့ ပြောတယ်။ ဖမ်းတော့ မဖမ်းဘူး။ အရင်ကလည်း ကျနော်တို့ဆီတွေ ပြတ်တာကိုး။ ပြတ်တဲ့အခါမှာ တန်းစီပြီးယူရတော့ သူတို့ က သွားတယ်၊ တန်းစီတယ်။ အဲဒီနားမှာပဲ ဆီကိုတခါတည်း ဖောက်ထုတ်ပြီးတဲ့အခါကျတော့ ပြန်တန်းစီတယ်။ ဖောက်ထုတ်ထားတဲ့ဟာကိုကျတော့ သပ်သပ်ဈေးတင်ပြီးတော့ လမ်းဘေးမှာပဲ ပြန်ချရောင်းတယ်” ၎င်းက ဆိုသည်။
ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင် ဆန်နှင့် စားသောက်ကုန် ဈေးတင်ရောင်းနေသူများအား စစ်ကောင်စီက ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်လုပ်နေသော်လည်း မြစ်ကြီးနားမြို့ရှိ စက်သုံးဆီ ဈေးတင်ရောင်းချနေသူများကိုမူ တစုံတရာ အရေးယူမှု မရှိသေးဘူးဟု မြို့ခံများက ပြောဆိုကြသည်။
ထို့အပြင် လျှပ်စီးမီးလည်း ရက်ဆက်ပြတ်တောက်နေပြီး မီးစက်နှင့် ဆိုလာရှိသည့် အချို့အိမ်များတွင် ဖုန်းအား တစ်ကြိမ်သွင်းခ ၁,၀၀၀ ကျပ်ပေးကာ အားသွင်းနေကြရသည်ဟု မြို့ခံများက ပြောသည်။
NMG ပေးပို့သည်။