26 ဇွန် 2025 /

See today's Peace Related News

Homeသတင်းမြင်းမထိတောင်တွင် စက်ယန္တရားအသုံးပြု သတ္တုတူးဖော်မှုကို ပရာဒေါင်းဆွေမျိုးစုပိတ်ပင်

မြင်းမထိတောင်တွင် စက်ယန္တရားအသုံးပြု သတ္တုတူးဖော်မှုကို ပရာဒေါင်းဆွေမျိုးစုပိတ်ပင်

ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာအနီးရှိ မြင်းမထိတောင်သတ္တုတွင်း၌ စက်ယန္တရားအသုံးပြု လုပ်ငန်းဆောင်ရွက်နေခြင်းကို ခွင့်မပြုတော့ကြောင်း ဒေသခံပရာဒေါင်းဆွေမျိုးစုက ပြောဆိုသည်။

ပရာဒေါင်းဆွေမျိုးစုကော်မတီ၊ ဆွေမျိုးစုလူငယ်ကော်မတီနှင့် ကျေးရွာအုပ်ချုပ်ရေးကော်မတီ ကိုယ်စားလှယ် စုစုပေါင်းလူဦးရေ (၆၀) ကျော် ပါဝင်တက်ရောက်သည့် ဇွန်လ ၁၆ ရက်နေ့ တွေ့ဆုံဆွေးနွေးမှုတွင် ထိုသို့သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပရာဒေါင်းဆွေမျိုးစုကော်မတီဥက္ကဌ ခွန်းအောင်နိုင်စိုးက “ အလတ်စားလုပ်ငန်းတချို့တွေ သုံးကြတယ်။ စက်ယန္တရား (ဘက်ဖိုး) သုံးပြီးလုပ်တဲ့ လုပ်ငန်းမျိုးပဲ ဆိုလိုတာပါ။ အခြားဂူဖောက်၊ ဂူဝင်တာတို့က အကုန်လက်ခံတယ်။ စက်ယန္တရားက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအရမ်းများတယ်။ လက်ရှိ ဖြစ်နိုင်ရင် ကျနော်တို့က သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းတဲ့လုပ်ငန်းမျိုးပဲ လုပ်ခိုင်းစေချင်တာ” ဟု ပြောသည်။

လက်ရှိ၌ မြင်းမထိတောင်တွင် လေးပွင့်ကြယ်ကုမ္ပဏီနှင့် ဒေသခံများ၏ လုပ်ကွက်ပေါင်း ၁၀ ခုထက်မနည်းရှိနေပြီး စက်ယန္တရားအသုံးပြု တူးဖော်မှုတွေလည်း ရှိနေသည်ဟု ဆိုသည်။

စက်ယန္တရားအသုံးပြုမှု ပိတ်ပင်ရာတွင် မြင်းမထိသတ္တုတွင်းမှ လက်ရှိလုပ်ငန်းရှင်များ၏သဘောထား ပါဝင်ခြင်းမရှိဘူးဟု ခွန်းအောင်နိုင်စိုးက ပြောဆိုသည်။

“လုပ်ငန်းရှင်တွေထက် လူထုတွေရဲ့သဘောထားက အဓိကပဲလေ” ဟု ခွန်းအောင်နိုင်စိုးက ပြောသည်။

မြင်းမထိတောင်တွင် အကြီးစားသတ္တုတူးဖော်မှုအတွက် လေးပွင့်ကြယ်ကုမ္ပဏီနှင့် ၅ နှစ် စာချုပ်ချုပ်ဆိုထားသည့် တရုတ်မစ္စတာဝမ်ကုမ္ပဏီ၏ လုပ်ငန်းသုံးစက်ယန္တရားပို့ဆောင်မှုကို ရပ်တန့်နေဆဲဖြစ်ကြောင်း သိရသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။