ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည့် ဘီးလင်းမြို့နယ်အခြေစိုက် မဲပလီစခန်းမှ ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့သည် နတ်ကြီးရွာတပ်စခန်းသို့ ပြန်ဆုတ်နေရာယူထားကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး- KNU၊ တပ်မဟာ-၁ နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ မဲပလီစစ်တပ်စခန်းကို ဖေဖော်ဝါရီ ၁ ရက်နေ့က KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က အပြီးသတ် သိမ်းပိုက် ရရှိရာတွင် ထိုစခန်းမှ အရာရှိအဆင့်အပါအဝင် စစ်သုံ့ပန်း ၂၀ ကျော်ကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ နတ်ကြီးရွာရှိ တပ်စခန်းသို့ပြန်ဆုတ်နေရာယူထားပြီး နတ်ကြီးရွာမှ ဘီးလင်းမြို့သို့သွားသည့် လမ်းပိုင်းအချို့တွင် ကင်းပုန်းဝပ်နေပြီး ယာယီစစ်ရေးဂိတ်တချို့လည်း ထားရှိသည်ဟု တော်လှန်ရေး သတင်းအရင်းအမြစ်နှင့် ဒေသခံတချို့က ပြောသည်။
ဘီးလင်းဒေသခံတစ်ဦးက Òမဲပလီတိုက်ပွဲက တိုက်ပွဲဖြစ်လို့ဒဏ်ရာရတဲ့သူတွေကို နတ်ကြီးကိုပြန်ခေါ်တယ်လေ။ အဲဒီကိုပဲ ပြန်ဆုတ်ကြတာ။ နတ်ကြီးမှာလည်း စစ်စခန်းက အခိုင်အမာဆောက်ထားတယ်။ တော်လှန်ရေးတပ်ဘက်ကလည်း ထောက်ပို့မလုပ်နိုင်အောင် လမ်းတွေပိတ်ထားတာရှိတယ်။ စစ်တပ်ဘက်က ပိတ်တာတွေလည်းရှိတယ်” ဟု ပြောသည်။
မဲပလီစခန်းမှ ထွက်ပြေးလွတ်မြောက်သွားသူများတွင် မဲပလီစခန်းဗျူဟာမှူးနှင့် အရာရှိတချို့ပါဝင်ပြီး ၎င်းတို့နှင့် ကျန်ရှိတပ်ဖွဲ့ဝင်များကို KNLA ပူးပေါင်းတပ်ဖွဲ့များက လိုက်လံရှင်းလင်းလျက်ရှိကြောင်း အဆိုပါစခန်းသိမ်းတိုက်ပွဲ အတွင်း ပါဝင်တိုက်ခိုက်ခဲ့သည့် အမှတ် (၂၇) စစ်ဗျူဟာ၊ အမှတ် (၂) စစ်ဒေသခွဲသတင်းပေ့ချ်ကနေ ထုတ်ပြန်ထားသည်။
နတ်ကြီးရွာ၌ စစ်ကောင်စီတပ်စခန်းအပြင် နယ်ခြားစောင့်တပ် – BGF တပ်စခန်းတစ်ခုလည်းရှိပြီး နတ်ကြီးမှ ဘီးလင်းမြို့ဘက်သို့ ဆင်းလာပါက စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ – ၃ တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယာယီစစ်ဆေးရေးဂိတ်လုပ်၍ နေရာယူထားသည်ကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “မဲပလီကျပြီးတော့ ခမရ – ၃ ကို ကာတဲ့အနေနဲ့ တညင်းကုန်းအရှေ့ဘက်မှာ ယာယီစစ်ဆေးရေးဂိတ်တွေ လာလုပ်ထားတာရှိတယ်။ ခမရ-၃ ဆိုတာ ဘီးလင်းဈေးကပ်ရပ်ရှိတဲ့ တပ်ရင်းပေါ့။ နတ်ကြီးဘက်တက်တဲ့ တောင်ကြောလမ်းပဲ။ နတ်ကြီးက ပြန်ဆုတ်မယ်ဆိုရင် ဝင်နားစရာဆိုလို့ ခမရ-၃ က အနီးဆုံးပဲ။ အဲဒီတော့ သူ့ကိုကာတဲ့ပုံစံနဲ့ ကင်းပုန်းတွေဝပ်ထားတာ” ဟု ပြောသည်။
မဲပလီတိုက်ပွဲကြောင့် တညင်းကုန်းကျေးရွာလုံးကျွတ်အပါအဝင် စခန်းအနီးအနားရှိ ကျေးရွာပေါင်း ၁၂ ရွာက လူပေါင်း ၂,၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ယနေ့ထိတိုင် တိမ်းရှောင်နေထိုင်ရပြီး စားနပ်ရိက္ခာ၊ ကျန်းမာရေးနှင့်နေရာထိုင်ခင်းလိုအပ်ချက်များရှိနေသည်ဟု စစ်ရှောင်အရေးအကူအညီပေးနေသူတို့က ပြောသည်။
ထို့အပြင် စခန်းသိမ်းကာလအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် လေကြောင်းသုံးတိုက်ခိုက်မှုများရှိနေ၍ နယ်မြေမငြိမ်မသက်မှုကြောင့် လုံခြုံရေးစိုးရိမ်စရာအနေအထားဖြင့် နေထိုင်ရကြောင်းလည်း ဒေသခံများက ပြောသည်။
KIC ပေးပို့သည်။