မော်လမြိုင်မြို့ပေါ်တွင် အဓမ္မဖမ်းဆီးခံခဲ့ရသည့် လူငယ် ၅၀ ဝန်းကျင် စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခံရ

0
188
Photo – Social Media

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်တွင် စစ်ကောင်စီတပ်က ညဘက်ပိုင်းတွင် အဓမ္မဖမ်းဆီးခဲ့သည့် လူငယ် ၅၀ ဝန်းကျင်ကို သံဖြူဇရပ်မြို့နယ်ရှိ ဝဲကလိစစ်သင်တန်းကျောင်းသို့ ပို့ဆောင်ထားသည်ဟု မြို့ခံတို့ထံမှ တဆင့်သိရသည်။

ပြီးခဲ့သည့် ဧပြီလလယ်ပိုင်းတွင် ထိုလူငယ်များကို စစ်ကောင်စီတပ်က အဓမ္မဖမ်းဆီးခဲ့ပြီးနောက် ငွေကြေးနှင့် ပြန်မရွေးနိုင်သည့်သူများကို စစ်သင်တန်းကျောင်း ဒုတိယအသုတ်အတွက် စုဆောင်းထားပြီး မေလ ၃ ရက်နေ့က ပို့ဆောင်လိုက်ခြင်း ဖြစ်သည်ဟု မော်လမြိုင်မြို့ခံ စစ်ကောင်စီအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။

“ဒီအတိုင်း လမ်းမှာတွေ့ပြီးတော့ ခေါ်ယူစုဆောင်းထားတဲ့လူတွေက အရေအတွက်များတယ်။ တချို့ ရပ်ကွက်တွေ အတွက်က စစ်မှုထမ်းဖို့အတွက် လူငှားထားတာ အဲ့ဒါတွေပါသွားတာ ရှိပါတယ်။ အဲ့အရေအတွက်က နည်းပါတယ်” ဟု ၎င်းက ပြောဆိုသည်။

စစ်သင်တန်းကျောင်း ဒုတိယအသုတ်အတွက် ထပ်မံပို့ဆောင်ထားသူများတွင် အဓမ္မဖမ်းဆီးခံရသူများ အပါအဝင် စစ်မှုထမ်းရန် မဲပေါက်ထားသူတို့က အစားထိုးငှားရမ်းထားသူများလည်း ပါဝင်သည်ဟု စစ်ကောင်စီအဖွဲ့နှင့် နီးစပ်သူက ပြောပြသည်။

အတင်းအဓမ္မ ဖမ်းဆီးခံခဲ့ရပြီးနောက် သံဖြူဇရပ် ဝယ်ကလိတပ်ရင်းကို ပို့ဆောင်ခံထားသူများကို မိဘနှင့် ဆက်သွယ်ခွင့် ပိတ်ထားပြီး စစ်ကောင်စီက အာမခံကြေး တစုံတရာ မပေးဆောင်သည့်အပြင် ငြိမ်းခြောက် ပြောဆိုမှုများလည်း ရှိနေသည်ဟု မြို့ခံတို့ထံက သိရသည်။

“တချို့ကျန်ခဲ့တဲ့ မိန်းမတွေ၊ မိဘတွေဆိုရင် မနေရဲတော့ဘူး။ ရွေ့ပြောင်းကုန်ကြပြီ၊ ဘာထောက်ပံ့ကြေးမှ သူတို့ မရလိုက်ဘူး” မြို့ခံတစ်ဦးက ဆိုသည်။

မွန်ပြည်နယ်တွင် ဒုတိယအကြိမ် ဖွင့်လှစ်မည့် စစ်မှုထမ်းသင်တန်းအတွက် သတ်မှတ်ထားသည့် လူဦးရေ ပြည်မီခြင်းမရှိသေးသည့်အတွက် အကြောင်းအမျိုးမျိုးဖြင့် အဓမ္မစစ်သားအဖြစ် စုဆောင်းခံထားရသူ လူငယ်များကို သင်တန်းကျောင်းသို့ အရင်ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

သံဖြူဇရပ်တပ်နယ်သို့ ပို့ဆောင်လိုက်သည့် လူငယ်များကို စစ်ကောင်စီ မွန်ပြည်နယ်ဝန်ကြီးအဖွဲ့က လာရောက်နှုတ်ဆက်ကာ ထောက်ပံ့ငွေများ ပေးခဲ့သည်ဟု သိရသည်။

စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁) တွင် စစ်ကောင်စီက နိုင်ငံတစ်ဝှမ်း လူငယ် ၄၃၀၀ ကျော်ကို စစ်သင်တန်းကျောင်း ၁၅ ကျောင်းသို့ ပို့ဆောင်ခဲ့သည်ဟု ဧပြီလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ဗမာ့ရေးရာနှင့် ပဋိပက္ခ လေ့လာရေးအဖွဲ့ (BACS) ၏ အစီရင်ခံစာအရ သိရသည်။

ထိုသူများအနက်မှ သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာအခြေစိုက် တကက-၄ တပ်မတော်တန်းမြှင့် သင်တန်းကျောင်းတွင် စစ်မှုထမ်းအဖြစ် သင်တန်းသား ၂၀၀ ကျော် ရှိကြောင်းလည်း BACS ၏ ထုတ်ပြန်ချက်အရ သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here