မော်လမြိုင်တွင် အိမ်ထောင်စုစာရင်းမိတ္တူ ကောက်ခံနေသည့်အပေါ် မြို့ခံများစိုးရိမ်နေ

0
130
ပုံစာ - မြို့နယ်အုပ်ချုပ်ရေးရုံးတရုံးမြင်ကွင်း။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်နှင့် ရပ်ကွက်များတွင် စစ်ကောင်စီအဖွဲ့က အိမ်ထောင်စုစာရင်းမိတ္တူများ ကောက်ခံနေသည့်အပေါ် မြို့ခံများက စိုးရိမ်မကင်းဖြစ်နေကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း အိမ်ထောင်စုစာရင်းနှင့် မိသားစုအတွင်း လက်ရှိနေထိုင်သည့် လူဦးရေတို့ကို စစ်ဆေးရန် အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ညွှန်ကြားချက်ဖြင့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်တို့တွင် နေအိမ်တစ်အိမ်လျှင် အိမ်ထောင်စုစာရင်း မိတ္တူ ၂ စောင် လိုက်လံကောက်ယူနေသည်ဟု အုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် နီးစပ်သူတို့ထံမှ သိရသည်။

အိမ်ထောင်စုစာရင်း မိတ္တူနှင့်တကွ အချက်အလက်ကောက်ယူနေသည့်အပေါ် ရွေးကောက်ပွဲမဲစာရင်းအဖြစ် အသုံးချလာနိုင်သည်ဟု ပြောဆိုနေကြသလို စစ်မှူးထမ်းအကျုံးဝင်မည့်သူတို့၏ အရေအတွက်ကို ကောက်ခံခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုမှုများကြောင့် စိုးရိမ်စိတ်ဖြစ်ရသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ဈေးကြီးဘက်မှာတော့ တောင်းခံနေတယ်။ သူတို့ပြောတာကတော့ သေစာရင်းမွေးစာရင်းတွေ ထပ်ဖြည့်တာတွေ လုပ်ဖို့ပဲ။ ဒါပေမဲ့ စစ်မှူးထမ်းမဲ့ကိစ္စလား မဲစာရင်းကိစ္စလား စိုးရိမ်နေရတယ်။ ညဘက်တွေဆို ကျမတို့ မော်လမြိုင်မှာ အပြင်မထွက်ရဲကြတော့ဘူး။ ပေါ်တာဆွဲခံရမှာစိုးလို့ အချို့ရပ်ကွက်တွေမှာ ညဘက် ၁၀ နာရီကျော်ရင် ဧည့်စာရင်းအကြောင်းပြပြီးတော့လည်း လာနေတယ်” ဟု ၎င်းက ပြောသည်။

မော်လမြိုင်မြို့ပေါ်တွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း သန်းခေါင်စာရင်းကောက်ခံရာတွင် စစ်ကောင်စီဝန်ထမ်းအဖွဲ့တို့ တစ်အိမ်ဝင်တစ်အိမ်ထွက် လူဦးရေးစာရင်းကောက်ခံခဲ့သေးသည်ဟု ၎င်းက ဆိုသည်။

ယခုတွင်လည်း လက်ရှိနေအိမ်အတွင်းရှိ လူဦးရေစာရင်းတို့ကို အတိအကျသိလိုခြင်းကြောင့် စာရင်းပြန်လည် ကောက်ခံခြင်းဖြစ်သည်ဟု မော်လမြိုင်မြို့အုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် နီးစပ်သူက ပြောသည်။

“တစ်အိမ် ၂ စုံ အုပ်ချုပ်ရေးမှူးကတော့ လဝကက ယူခိုင်းတယ်လို့ ပြောတယ်။ တစ်မြို့လုံးကောက်ခံမယ်လို့ သိရတယ်။ အိမ်မှာရှိတဲ့ လူဦးရေအတိအကျကို သိချင်တာနဲ့ နေအိမ်မှာရှိတဲ့သူတွေရဲ့ လူဦးရေစာရင်းကို အတိအကျသိရဖို့ စာရင်းပြန်ကောက်တယ်လို့ပြောတယ်” ဟု ၎င်းကဆိုသည်။

ထိုသို့ စစ်ကောင်စီက မော်လမြိုင်မြို့ပေါ်ရပ်ကွက်များအားလုံး၌ အိမ်ထောင်စုစာရင်းမိတ္တူများ လိုက်လံကောက်ယူသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင်လည်း မော်လမြိုင်မြို့ရပ်ကွက်တချို့တို့တွင် ည ၁၀ နာရီနောက်ပိုင်း ဧည့်စာရင်းဝင်စစ်ဆေးနေပြီး၊ မသင်္ကာသူများကို ခေါ်ဆောင်ခြင်းနှင့် ဇာတ်သဘင်၊ လောင်းကစားဝိုင်းတို့သွင်းကာ နောက်ကွယ်တွင် လူဖမ်းဆီးမှု လုပ်ဆောင်နေသည်ဟု ပြောဆိုကြသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here