ကရင်နီပြည်၊ မော်ချီးဒေသနှင့် မယ်စဲ့မြို့နယ်တို့ရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၅ နှစ်အောက် ကလေးငယ်များ အတွက် ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရန်နှင့် အာဟာရဓါတ် မျှတစွာ ရရှိနိုင်မှုအပိုင်းတွင် ထောက်ပံ့နိုင်ခြင်း မရှိသေးကြောင်း ကရင်နီဘက်စုံသားဖွားအသင်း (KMS) ဥက္ကဌ နော်လွယ်ထူးက ပြောဆိုသည်။
အဆိုပါဒေသများသည် ဝေးလံပြီး သွားရောက်ရန်အတွက် လမ်းပန်းဆက်သွယ်ရေး မလွယ်ကူတာကြောင့် ထိုဒေသရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၅ နှစ်အောက် ကလေးငယ်များအတွက် ကျန်းမာစောင့်ရှောက်မှုပေးနိုင်ရန် လက်လှမ်းမမီ ခက်ခဲနေခြင်း ဖြစ်ကြောင်း သိရသည်။
“မယ်စဲ့၊ မော်ချီးတို့က ကြိုးစားရအုံးမှာပေါ့နော။ အဲ့မှာ ဆရာမတွေရှိတယ်၊ ချိတ်ဆက်မှု အားနည်းတယ်၊ လမ်းကြောင်း ခက်ခဲတဲ့အတွက် အရမ်းမသွားနိုင်ဘူးပေါ့နော” ဟု နော်လွယ်ထူးက ပြောသည်။
ကရင်နီဘက်စုံသားဖွားအသင်း (KMS) အနေနှင့် လက်ရှိတွင် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ မိုးဗြဲ၊ ဖယ်ခုံ စသည့် မြို့နယ်များအတွင်း အခြေခံကျန်းမာရေး ဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၅ နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေး ထိုးနှံပေးတာ၊ လိုအပ်နေသော အာဟာရနှင့် ကျန်းမာရေးပိုင်းဆိုင်ရာ အကူအညီများကို လုပ်ဆောင် ပေးနေသည်ဟု ဆိုသည်။
ကရင်နီဘက်စုံသားဖွားများ KMS အဖွဲအစည်းကို ၂၀၂၂ ခုနှစ်တွင် စတင်ဖွဲစည်းခဲ့ပြီး လက်ရှိမှာ၌ မြေပြင် ဆရာ၊ ဆရာမ (၁၀၀) ကျော် ရှိပြီး ဆေးခန်း ၂၈ ခု ရှိကြောင်း နော်လွယ်ထူးက ဆိုသည်။
လက်ရှိတွင် အဖွဲ့အစည်း ရေရှည်ရပ်တည်နိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နိုင်ရန်အတွက် အကူအညီများ လိုအပ်နေသည်ဟု ၎င်းက ပြောသည်။
“အလုပ်ကတော့ လုပ်နေတာပေါ့။ ဆရာ၊ မတွေကိုတော့ Support မပေးနိုင်ဘူး၊ ဆရာမ တွေကိုတော့ အာနားတယ်။ ကျမတို အဲလောက်ထိ amount များတာ မရှိဘူးပေါ့။ ချိတ်ဆက်မှုလည်း အားနည်းတယ်။ အမှန်တကယ် မြေပြင်မှာလုပ်တဲ့ ဆရာမတွေလည်း ရှိတယ်။ member ဝင်ထားတာလည်း ရှိတယ်။ အခြားအဖွဲတွေနဲ့ လာတာလည်း ရှိတယ်ဆိုတော့ အားလုံးကလည်း KMS တွေဖြစ်တယ်” ဟု နော်လွယ်ထူးက ပြောဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်းမှာ ဒီးမော့ဆို၊ ဖရူဆိုနှင့် ဖယ်ခုံမြို့နယ်အတွင်းက ကိုယ်ဝန်ဆောင်မိခင် ၁၅၀ ကျော်ကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ လက်အောက် အမျိုးသမီးနှင့် ကလေးသူငယ် ရေးရာဌာနနှင့် KMS ပူးပေါင်းပြီး ပထမဆုံးအကြိမ် ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးခဲ့သည်ဟု ဆိုသည်။
“ ကိုယ်ဝန်ဆောင်မိခင်တွေ အရေးပေါ် လိုအပ်ချက်တွေအတွက် ဝန်ဆောင်မှုပေးတာတွေ ကျန်းမာရေးအတွက် အရေးပေါ် ခွဲစိတ်ဖို့လိုအပ်တဲ့ အမျိုးသမီးတွေ ကူညီတယ်” ဟု IEC အမျိုးသမီး နဲ့ ကလေးသူငယ်ရေးရာဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
လူဦးရေ ၃ သိန်း နီးပါး စစ်ဘေးရှောင်နေကြရသည့် ကရင်နီပြည်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၅ နှစ်အောက် ကလေးငယ်များသည် အဖက်ဖက်မှ ကူညီပံ့ပိုးမှု လိုအပ်နေသည်ဟု ဆိုထားသည်။
ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။