ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်ကောင်စီက ဇွန်လ ၂၅ ရက်နေ့ ၊ နေ့လည် ၁၁ နာရီဝန်းကျင်တွင် လေကြောင်းနှင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံများက ပြောသည်။
“ကြဲသွားတဲ့နေရာက လူတွေထူထပ်တဲ့နေရာ၊ ဒေသခံတွေရော ခဲကျင်းအလုပ်လုပ်တဲ့ အလုပ်သမားတွေရောရှိကြတဲ့နေရာ၊ ပြီးတော့ တောင်စောင်းလို ပုံစံမျိုးနေရာမှာ နေကြတာဆိုတော့ အိမ်တွေလည်း ပြိုပျက်သွားတာရှိတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါသည်။
လေယာဉ်ဗုံးကြဲခံရသည့် နေရာအနီးတဝိုက်၌ နေထိုင်သည့် ဒေသခံတစ်ဦးပြောဆိုမှုအရ ခဲကျင်းအလုပ်သမားတစ်ဦး ဗုံးစထိမှန်ကာ ပွဲချင်းပြီးသေဆုံးသွားသည်ကို မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။
ထိခိုက်မှုနှင့် ပျက်စီးမှုအခြေအနေအသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သည်။
“ဒဏ်ရာရတဲ့သူတွေကို သယ်သွားတာများတော့ ထိခိုက်မှုတွေများတယ်လို့ ပြောရမယ်။ လေယာဉ်လည်း နောက်တခါ ထပ်ဝဲနေတော့ သွားသွားလာလာ သတိထားနေကြရတယ်” ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။
ဗုံးမကြဲခင် ၁၅ မိနစ်ခန့် ကင်းထောက်လေယာဉ်ပျံဝဲတာကို ဒေသခံတို့က တွေ့ခဲ့ရပြီးနောက် ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောဆိုသည်။
တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြုလုပ်သည့် အကြိမ်ရေသည် ယခုတကြိမ်အပါအဝင် ၆ ကြိမ် ရှိနေပြီဖြစ်ကြောင်း ဒေသခံတို့ကပြောသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် တကြိမ်၊ ဧပြီ ၂၄ ရက်နေ့တွင် တကြိမ်၊ ဧပြီလ ၂၆ ရက်နေ့တွင် တကြိမ်၊ မေလ ၁၀ ရက်နေ့တွင် တကြိမ်၊ မေလ ၁၃ ရက်နေ့တွင် တကြိမ်၊ ဇွန်လ ၂၅ ရက်နေ့တွင် တကြိမ် စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့သည်။
ထိုသို့ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။