မောင်တော နခခ (၅) အနီးရှိ ကာကင်းစခန်း ၆ ခု ကို AA သိမ်းပိုက်

0
254

ရခိုင်ပြည်၊ မောင်တော နခခ (၅) တပ်ရင်းအနီးရှိ စစ်ကောင်စီ ကာကင်းစခန်း ၆ ခု ကို ဩဂုတ်လ ၁၂ ရက် နံနက်ပိုင်းတွင် အာရက္ခတပ်တော် (AA) က အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း ခိုင်လုံသည့် စစ်ရေး သတင်းရင်းမြစ် ပြောဆိုမှုအရ သိရသည်။

“နခခ (၅) တပ်ရင်းရှေ့မှာ စစ်ကောင်စီဘက်က ကင်ကင်းစခန်းတွေ များစွာချထားတယ်။  အစိုးရ အထပ်မြင့် အဆောက်အဦးတွေမှာလည်း ကာကင်းတွေ ချထားတယ်။ အဲဒီအထဲက ကာကင်း ၆ ခုလောက်က AA လက်ထဲကို ရောက်သွားပြီ။  အဆောက်အဦတွေက ကျယ်ပြန့်ခိုင်ခန့်တယ်။ AA ဘက်က အဲဒီကာကင်းကို ဒီနေ့မနက်မှာ သိမ်းလိုက်ပြီလို့ သိရတယ်။ နောက်ထပ် ကာကင်းတွေကို ဆက်လက်သိမ်းပိုက်ဖို့ ဆက်တိုက် နေတယ်လို့ သိရတယ်” ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။

အာရက္ခတပ်တော်က တိုက်ခိုက်နေသည့် နခခ (၅) နယ်ခြားစောင့်စခန်းသည် မောင်တောမြို့ အရှေ့ဘက် ၂ မိုင်ခွဲ အကွာတွင် တည်ရှိပြီး မောင်တောမြို့နယ်တွင် တစ်ခုတည်းသော ကျန်ရှိနေသည့် လက်ကျန်စခန်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် နခခ (၅) မကျစေရန် အနည်းဆုံး ကာကင်းစခန်း ၁၀ ခု ခန့်အား နခခ (၅) ပတ်ဝန်းကျင် တွင် အခိုင်အမာတည်ဆောက် အခြေချထားကာ AA ထိုးစစ်ကို ခုခံကာကွယ်နေသော်လည်း  AA က ထိုးစစ် အရှိန်မြှင့်တင် တိုက်ခိုက်ပြီးနောက် ကာကင်းကြီးတစ်ခုအပါအဝင် ၆ ခု ကျသွားခဲ့သည်ဟု ၎င်းကဆိုသည်။

“နခခ (၅) ကိုတော့ AA က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ နခခ (၅) ကို မြေပြင်က ဝင်ရောက်သိမ်းပိုက်ဖို့ အန္တရယ်များတယ်။ မိုင်းထောင်ထားတာ ခြံစည်းရိုး ၃ ထပ် ရှိတယ်။ တပ်ပတ်လည် ကွင်းပြင်တွေမှာလည်း မိုင်းရာချီပြီး ထောင်ထားတယ်” ဟု မောင်တော စစ်မြေပြင်အခြေအနေအား နားလည်သုံးသပ်နိုင်သူတစ်ဦး ပြောဆိုသည်။

စစ်ကောင်စီ၏ လေတပ်ကလည်း တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်ကို  အဆက်မပြတ် ဗုံးလာကြဲနေသလို နတ်မြစ်ဝရှိ Navy မှလည်း အမြောက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု သိရသည်။

အာရက္ခတပ်တော်သည် သြဂုတ်လ ၉ ရက်က စတင်ပြီး  မြို့တွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ကာ  မြို့ထဲတွင် ရက်ပေါင်းများစွာ ပိတ်မိနေခဲ့ကြသည့် ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင် ဒေသခံ  ၁၃၀၀၀ ကျော် ကယ်ထုတ်နိုင်ခဲ့ သည်ဟု သိရသည်။

လက်ရှိတွင် မောင်တောမြို့ သုံးပုံနှစ်ပုံကို AA က သိမ်းပိုက်ထားပြီးမောင်တော၌ စစ်ကောင်စီ၏နောက်ဆုံး တပ်ရင်း နခခ (၅) အား အလုံးစုံသိမ်းပိုက်ရရှိရေး ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်လျှက်ရှိနေကြောင်း သိရသည်။

မောင်တောမြို့သိမ်းတိုက်ပွဲမှာ အလွန်ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ ဂျက်တိုက်လေယာဉ်များဖြင့် နေ့စဉ် ဗုံးကြဲချနေပြီး မောင်တောအနီးပင်လယ်ပြင်ရှိ နှ Navy နှစ်စီးမှလည်း  ဩဂုတ် ၁၂ ရက်နေ့ ညအချိန်မှစ၍ ဩဂုတ် ၁၃ ရက်နေ့ လက်ရှိအချိန်အထိ အမြောက်များဖြင့် အဆက်မပြတ် ပစ်ကူပေးလျှက် ရှိနေကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here