မောင်တော၊ ဂြစ်ချောင်း(မြို)ရွာစာသင်ကျောင်းတွင် စစ်ကောင်စီတပ်နေရာယူထားလို့ ရွာခံကလေးများ စာမသင်ယူနိုင်ကြ

0
349
ပုံစာ- ဂြစ်ချောင်းကျေးရွာမူလတန်းကျောင်းကို ဩဂုတ်လဆန်းပိုင်းကတွေ့ရစဉ်။ (Photo – DMG)

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း လောင်းဒုံကျေးရွာအုပ်စု ဂြစ်ချောင်း (မြို) ကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်နေရာယူထားသဖြင့် ရွာခံကလေးများ ကျောင်းတက်မရ ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အင်အား ၁၀၀ ခန့် ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဂြစ်ချောင်းကျေးရွာ တောင်ဘက်ရှိ ယခင် (၂၀၂၂ ခုနှစ်) က တပ်စွဲထားသည့် တောင်ကုန်းကနေ ဩဂုတ် ၂၁ ရက်နေ့မှ စတင်ပြီး အဆိုပါစာသင်ကျောင်းနှင့် နေအိမ်တချို့တွင် ဝင်ရောက်နေရာယူလာခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် ဂြစ်ချောင်းကျေးရွာသားတစ်ဦးက “စစ်ကောင်စီတပ်သားတွေက စာသင်ကျောင်းမှာနေတာ ၅ ရက် ကျော်သွားပြီ၊ အခုချိန်ထိ မပြောင်းကြသေးဘူး။ ရွာက ကလေးတွေလည်း ကျောင်းမတက်ရတာ ဒီနေ့နဲ့ ဆိုရင် ၅ ရက်လောက် ရှိပြီး ” ဟု ပြောဆိုသည်။

ဂြစ်ချောင်း (မြို) ကျေးရွာတွင် အိမ်ခြေ ၆၀ ကျော်၊ လူဦးရေ ၄၀၀ ကျော် ရှိပြီး မူလတန်းကျောင်းတွင် ပညာသင် ကြားနေသူ ကျောင်းသား/သူ ၉၁ ဦး ရှိကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

လက်ရှိတွင် ကျောင်းပိတ်ထားရမှုကြောင့် ကလေးများ၏ ပညာသင်ယူရေး ထိခိုက်မှုရှိနေသဖြင့် စာသင်ကျောင်းမှ စစ်ကောင်စီတပ်များ ထွက်ခွာပေးရန် ကျောင်းသားမိဘများက လိုလားနေကြသည်။

“ကျမတို့ရွာက ကလေးတွေ အရင်ကတည်းက ပညာရေးမှာ အားနည်းနေတာ။ အခုလိုမျိုး ကျောင်းတွေဆက်ပြီး ပိတ်ထားရမည်ဆိုရင် ပိုပြီး အခြေနေဆိုးနိုင်တယ်။ ဒီအတိုင်းသာဆိုရင် ကလေးတွေ ပညာရေးအတွက် ဘယ်လို လုပ်မလည်း မသိတော့ဘူး” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

တကျော့ပြန် တိုက်ပွဲကာလ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က ကြိမ်ချောင်း (နကခ-၇ ) စစ်ကောင်စီ တပ်စခန်းက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင် ဂြစ်ချောင်းကျေးရွာကို ကျရောက်လို့ ကျေးရွာသား ၁၃ ဦးသေ ဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။ သို့သော် ထိုဖြစ်ရပ်မှာ AA က ပစ်ခတ်ခြင်းဟု စစ်ကောင်စီက ငြင်းဆိုထားသည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်က စာသင်ကျောင်းတွင် နေရာယူထားသဖြင့် ဒေသခံရွာသားများမှာ တောင်ယာအလုပ်များ မသွားရဲ ဖြစ်နေကြပြီး တိုက်ပွဲများ ပြန်ဖြစ်လာမည်ကို ရွာသားများက စိုးရိမ်နေကြသည်။

ဂြစ်ချောင်းကျေးရွာသား သက်ကြီးပိုင်းတစ်ဦးက “ကျနော်တို့လည်း တောင်ယာတွေကို မသွားရဲကြတော့ဘူး။ အရင်ကလို တိုက်ပွဲပြန်ဖြစ်လာနိုင်သလား ဆိုပြီးတော့ စိုးရိမ်နေကြတယ်။ အရင်ကလည်း သူတို့က ရွာမှာ စခန်းချပြီး ပြန်ထွက်သွားကြတယ်။ ပြီးတော့ သူတို့ထွက်သွားတဲ့ အချိန်ကျရင် လက်နက်ကြီးနဲ့ ရွာကို လှမ်းလို့ပစ်တာ ရှိတယ်” ဟု ပြောသည်။

ယင်းသို့ စာသင်ကျောင်းတွင် စစ်ကောင်စီတပ်ဖွဲ့များက ဝင်ရောက်နေရာယူထားသည့် ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို DMG က ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးပါ။

လက်ရှိတွင် စစ်ကောင်စီနှင့် AA တို့သည် လူသားချင်းစာနာမှုဖြင့် အပစ်ရပ်ထားသည့်ကာလ ဖြစ်သဖြင့် ထိုသို့စာသင်ကျောင်းများနှင့် ဘာသာရေး အဆောက်အအုံများတွင် စစ်ကောင်စီတပ်က တပ်စွဲနေရာယူမှုများမှာ မဖြစ်သင့်ကြောင်း ရခိုင်နိုင်ငံရေးသမားများက ဝေဖန်ပြောဆိုသည်။

လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက “ စစ်ကောင်စီ တပ်သားတွေက ဘာသာရေး၊ ပညာရေးနဲ့ ကျန်းမာရေး စတဲ့ အဆောက်အအုံတွေကို စခန်းချ နေထိုင်နေကျ ဖြစ်တယ်။ ဒါပေမယ့် အခုလို ငြိမ်းချမ်းရေး ယူနေစဉ် ကာလမှာတော့ အဲဒီလိုကိစ္စမျိုးက မလုပ်သင့်ဘူးလို့ ထင်တယ်။ အဲဒါက ငြိမ်းချမ်းရေးကို ပျက်ရယ်ပြုခြင်းဆိုတဲ့ သဘောကိုဆောင်စေတယ် ” ဟု ဝေဖန်ပြောသည်။

လတ်တလောတွင် စစ်ကောင်စီနှင့် AA တို့သည် ပြီးခဲ့သည့် ၂၀၂၂ နိုင်ဝင်ဘာ ၂၅ ရက်နေ့ က စပြီး နှစ်ဘက်နား လည်မှုဖြင့် အပစ်အခတ်ရပ်စဲထားကြသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here