မောင်တောမြောက်ပိုင်း ဒုံးညိုနယ်ခြားစောင့်စခန်းကို AA ဝင်တိုက်

0
363

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းရှိ ဒုံးညိုနယ်ခြားစောင့် စခန်းကို ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက် တိုက်ခိုက်နေပြီး အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။

မောင်တောမြို့နယ်၊ ဒုံးညိုကျေးရွာအနီးရှိ ဒုံးညိုနယ်ခြားစောင့်စခန်းကို နိုဝင်ဘာ ၁၆ ရက်၊ နံနက် ၇ နာရီခန့်က ဝင်တိုက်နေခြင်း ဖြစ်သည်ဟု မောင်တောမြို့ခံတစ်ဦးက ပြောသည်။

“ဒီနေ့မနက်က ဖြစ်တယ် ကြားတယ်။ အဲ့နားမှာ နယ်ခြားစောင့်စခန်းရှိတယ်။ အဲ့စခန်းကို သိမ်း/ မသိမ်းကိုတော့ မသိရသေးပါဘူး” ဟု ၎င်းက ပြောသည်။

ရက္ခိုင့်တပ်တော် (AA) ဘက်မှ ထိုစခန်းရှိ နယ်ခြားစောင့်ရဲ တပ်ဖွဲ့ဝင်များကို လက်နက် ချ/မချနှင့် စစ်တိုက်/မတိုက် မေးမြန်းခဲ့ပြီး လက်နက်မချသည့်အတွက် တိုက်ခိုက်နေသည်ဟု မောင်တောမှ စစ်ရေးစောင့်ကြည့်သူတစ်ဦးက ပြောပါသည်။

“မနေ့ညက လက်နက်ချမလား၊ ဆက်တိုက်မလားလို့ AA က မေးတယ်လို့ သိရပါတယ်။ သူတို့ဘက်က လက်နက်မချတော့ မနက်က စတိုက်နေတာပေါ့။ ပြင်းပြင်းထန်ထန် တိုက်နေကြတယ်။ နေ့မကူးလောက်ဘူး သိမ်းနိုင်တယ်” ဟု အဆိုပါစစ်ရေးစောင့်ကြည့်သူက ပြောသည်။

နိုဝင်ဘာ ၁၅ ရက်၊ နံနက် ၁၁ နာရီခန့်ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်း (နကခ-၇) လက်အောက်ခံ၊ ငခူရနယ်မြေ (၅) မိုင်တွင် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်နက်ချအညံ့ခံရန် အသိပေးထားသော်လည်း လက်ခံမှုမရှိသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား ဆက်လက် တိုက်ခိုက်သွားမည်ဟု AA က နိုဝင်ဘာ ၁၅ ရက်တွင် သတိပေး ထုတ်ပြန်ခဲ့သည်။

ယင်းသို့ လက်နက်ချ အညံ့မခံသောသူများကို နိုဝင်ဘာလ ၁၅ ရက်၊ နံနက် ၅ နာရီ၊ ၃၆ မိနစ်တွင် မောင်တော မြို့နယ်၊ ကံပြင်သာစည်ရွာ၏ အရှေ့မြောက် ၃.၃ ကီလိုမီတာ အကွာအဝေး၌ လိုက်လံတိုက်ခိုက်ခဲ့ကြောင်းလည်း AA ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ဒဏ်ရာရသူတချို့ ရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here