မောင်တောတွင် အသက်မပြည့်သေးသည့် အမျိုးသမီးငယ် ၂ ဦးနှင့် သက်ကြီးပိုင်း ၁ ဦး လက်နက်ကြီးကျည်ထိမှန်

0
224
ပုံစာ - ဒဏ်ရာရရှိသွားသည့် အမျိုးသမီးငယ်လေးတစ်ဦး။

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကန်သာယာကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အသက်မပြည့်သေးသည့် အမျိုးသမီးငယ်နှစ်ဦးနှင့် သက်ကြီးပိုင်း အမျိုးသားတစ်ဦးတို့ ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း သိရသည်။

စစ်ကောင်စီလက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိသွားသူများမှာ ကန်သာယာကျေးရွာမှ မစံပယ်မိုး (၁၇) နှစ်၊ မနုနုဝေ (၁၁) နှစ်နှင့် ဦးကောင်းလှညို (၇၅) နှစ်တို့ ဖြစ်ကြောင်းသိရသည်။

ဇန်နဝါရီလ ၄ ရက်နေ့ မနက် ၁၁ နာရီ ၁၀ မိနစ်က မောင်တော နခခ (၅)နှင့် ဘူးသီးတောင်မြို့တပ်ရင်းများမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ၃ လုံး ကန်သာယာကျေးရွာထဲနှင့် နေအိမ်တစ်လုံးပေါ်ကို ကျရောက် ပေါက်ကွဲပြီး ထိုသို့ဒဏ်ရာပြင်းထန်စွာ ရရှိသွားခြင်းဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။

“အဲဒီအချိန် တိုက်ပွဲတွေဘာတွေလည်း မရှိဘူး။ လုံးဝထင်မှတ်မထားဘဲ လက်နက်ကြီးကျည်တွေ ရွာထဲ ကျကွဲတာ။ ရွာပြင်နားမှာ တစ်လုံး၊ ရွာထဲလမ်းမှာ တစ်လုံး၊ အိမ်တစ်အိမ်ထက်ကို တစ်လုံး ကျကွဲတာပါ” ကျေးရွာသားတစ်ဦးက ပြောဆိုသည်။

ဒေသခံရွာသားဦးကောင်းလှညိုသည် နေအိမ်အမိုးစွန်းအောက်တွင် နေပူစာလှုံထိုင်နေစဥ် လက်နက်ကြီးကျည် နေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး ညာဘက်ပေါင်ရင်းကို ကျည်စနစ်ဝင် ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ကန်သာယာကျေးရွာသားတစ်ဦးက ပြောသည်။

“ဦးကောင်းလှညိုက သူ့အိမ်ထက်ကို လက်နက်ကြီးကျည်ကျကွဲပြီး ဒဏ်ရာရသွားတာပါ။ ဟိုကလေး နှစ်ယောက်ကတော့ လမ်းမှာကစားနေတဲ့အချိန် လက်နက်ကြီးကျည်ပေါက်ကွဲပြီး ဒဏ်ရာရသွားတာ” ဟု အဆိုပါရွာသားက ပြောပါသည်။

မစံပယ်မိုးနှင့် မနုနုဝေတို့ နှစ်ဦးသည် ရွာလမ်းမတွင် ဆော့ကစားနေစဥ် လက်နက်ကြီးကျည်တစ်လုံး လမ်းထဲသို့ ကျရောက်ပေါက်ကွဲပြီး မစံပယ်မိုး၏ တင်သားတွင် ကျည်စနစ်ဝင်သွားပြီး မနုနုဝေမှာ နောက်ကျောကို ကျည်စလျှပ်ထိဒဏ်ရာ ရရှိခဲ့ကြောင်း ကျေးရွာသားများက ပြောသည်။

ဦးကောင်းလှညိုနှင့် မစံပယ်မိုးတို့မှာ ဒဏ်ရာပြင်းထန်သည့်အတွက် မောင်တောဆေးရုံကြီးသို့ ဆေးကုသရန် ပို့ဆောင်ထားကြောင်း ကျေးရွာသားများထံမှ သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here