ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်ရှိ နခခ (၇) လက်အောက်ခံ နယ်မြေ (၅) ငါးခူရစခန်း နယ်ခြားစောင့်ရဲစခန်းမှ ထွက်ပြေးသွားသည့် နယ်ခြားစောင့်ရဲအရာရှိ ၃ ဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို ရဲ၊ နယ်ခြားစောင့် ရဲတပ်သားများနှင့် စစ်ကောင်စီတပ်သားများက တရွာဝင်တရွာထွက် ပိုက်စိပ်တိုက် လိုက်လံ ရှာနေကြောင်း သိရသည်။
အမည်မဖော်လိုသည့် မောင်တောဒေသခံတစ်ဦးက “၃ ရက်နေ့က ငါးခူရ နယ်ခြားစောင့်နယ်မြေ (၅) က ရဲစခန်းမှူးနဲ့ အရာရှိ ၃ ယောက်၊ နောက် မိန်းမတစ်ယောက် စုစုပေါင်း ၄ ယောက် ထွက်ပြေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ရဲတွေ၊ နယ်ခြားစောင့်တွေ၊ စစ်သားတွေပါ နေ့စဉ်ဆက်တိုက်ပဲ ဒီနေ့အထိ လိုက်ရှာ နေကြတာ” ဟု ပြောသည်။
ငါးခူရစခန်းမှ စခန်းမှူးအပါအဝင် အရာရှိ ၃ ဦးနှင့် အမျိုးသမီး တစ်ဦးတို့သည် ဇူလိုင်လ ၃ ရက်၊ ညအချိန်က ထွက်ပြေးသွားခဲ့သည့်အတွက် ယင်းနေ့မှ စတင်ပြီး ဇူလိုင် ၈ ရက် အထိ မောင်တောမြောက်ပိုင်း ကျေးရွာများကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ တောက်လျှောက်လိုက်လံ ရှာဖွေနေပြီး လုံခြုံရေးလည်း တင်းကျပ် ထားသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ထွက်ပြေးတဲ့အထဲ စခန်းမှူးပါသွားတယ်။ ဒါကြောင့် ထင်တယ်။ တရွာဝင်တရွာထွက် မွှေနှောက်ရှာနေကြတာ။ ရွာအုပ်ချုပ်ရေးမှူးတွေပါ ရှာဖို့အတွက် သူတို့နောက်က ခေါ်သွားပါတယ်” ဟု ၎င်းက ပြောသည်။
တပ်စခန်းစွန့်ခွါ ထွက်ပြေးခဲ့ကြသည့် အရာရှိများမှာ နယ်မြေ (၅) / ငါးခူရ နယ်ခြားစောင့်စခန်းမှ စခန်းမှူး၊ အမှုစစ် အရာရှိတစ်ဦးနှင့် ဗိုလ်လေးတစ်ဦးတို့ ဖြစ်ပြီး ဗိုလ်လေး၏ဇနီးကိုပါ ခေါ်ဆောင်ထွက်ပြေး သွားခြင်း ဖြစ်သည်။
နယ်ခြားစောင့်ရဲအရာရှိ ၃ ဦး ထွက်ပြေးရခြင်းမှာ ငါးခူရစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် တရားခံတချို့ ထွက်ပြေး လွတ်မြောက်သွားသည့် အတွက်ကြောင့် ဖြစ်သည်ဟုလည်း တပ်တွင်းသတင်းများအရ သိရသည်။
နိရဉ္စရာ ပေးပို့သည်။