မောင်တောတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွား၊ ဒေသခံတချို့ ထိခိုက်ဒဏ်ရာရသေဆုံးမှုရှိနေ

0
258
ပုံစာ - မောင်တောမြို့နယ်မြောက်ပိုင်းမှ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တချို့။

ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးတည်ရှိသည့် မောင်တောမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းကစတင်ပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

တိုက်ပွဲဖြစ်သည့်နေရာများမှာ မောင်တောမြို့နယ်မြောက်ပိုင်း သင်္ဘောလှ၊ မီးတိုက်ရွာကြားနှင့် ခမောင်ဆိပ် အနီးအနားတွင်ဖြစ်ပြီး နိုဝင်ဘာ ၁၃ ရက် ညနေ ၃ နာရီခန့်က စတင်ဖြစ်ပွားခဲ့သည်ဟု မောင်တောမြို့ခံ မြို့မိမြို့ဖတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်တဲ့နေရာက တောင်ပြိုဘက်တော့မကျဘူး၊ ခမောင်းဆိပ်ဘက် ကျတယ်။ အဲဒီအနားမှာ သင်္ဘောလှ၊ မီးတိုက်ရွာတွေ ရှိတယ်၊ အဲဒီမှာ ဖြစ်ကြတာ။ အခြေအနေနဲ့ အထိခိုက် အတိအကျ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။

၎င်းတိုက်ပွဲအတွင်း ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ သင်္ဘောလှ (အထဲ) ရွာမှ အသက် ၉ နှစ်အရွယ် ဒိုင်းနက်မိန်းကလေးငယ်တစ်ဦး ကျည်စထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အလားတူ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာတွင် ကန်စောက် စစ်ကောင်စီအမြောက်တပ် ၅၃၉ မှ နိုဝင်ဘာ ၁၃ ရက်နေ့ ညနေက ပစ်ခတ်သည့်လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲတာကြောင့် ကျည်စထိမှန်ကာ ရွာသား ၂ ဦး သေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၁၃ ရက်၊ ညနေ ၅ နာရီခန့်က အပေါက်ဝကျေးရွာအနီးသို့ ကန်စောက်ရွာအနီး ၅၃၉ အမြောက်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် အပေါက်ဝရွာရှိ ချောင်းဖျားရပ်ကွက်နှင့် ပေါ်တော်မူရပ်ကွက်တို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ယခုကဲ့သို့ ထိခိုက်သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကျေးရွာသားများမှာ လက်ရှိအချိန်ထိ ဗုံးခိုကျင်းများတွင် ပုန်းခိုနေရဆဲ ဖြစ်သည်ဟုလည်း ဒေသခံများထံမှ သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here