ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဝက်ကျိန်းကျေးရွာတွင် စစ်ကျန် လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲရာ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့သည်။
သေဆုံးသူ ကလေးငယ်မှာ မောင်မာန်ပင်းဖြစ်သည်။ ဧပြီလ ၃ ရက် ညနေပိုင်းအချိန်တွင် ကောက်ရသည့် လက်ပစ်ဗုံးကို နေအိမ်ခြံဝင်း၌ ကစားနေစဉ် မတော်တဆ ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း ဝက်ကျိန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်း DMG သို့ ပြောသည်။
“အိမ်နဲ့ ပေ ၁၀၀ လောက်ဝေးတဲ့ နေရာမှာ သူ့သူငယ်ချင်းတွေနဲ့ ကစားနေတာ ။ အိမ်ကို ပြန်လာတော့ သူက လက်ပစ်ဗုံးကိုင်ပြီး ယူလာတဲ့အခါ အိမ်မှာ ပေါက်ကွဲသွားတာ။ လက်ပစ်ဗုံးကို ဘယ်ကရလာမှန်းတော့ မသိဘူး။ ပေါက်ကွဲတာနဲ့ တစ်ခါတည်း ဆုံးသွားတာ။ ဒဏ်ရာတွေကတော့ အများကြီးပဲ” ဟု ၎င်းကပြောသည်။
ပေါက်ကွဲမှုကြောင့် မောင်မာန်ပင်း၏ ညာခြေထောက်၊ ညာလက်ပြတ်ထွက်သွားပြီး ခန္ဓာကိုယ်နှင့် ခြေလက်တို့တွင် မိုင်းစများထိမှန်ပြီး ဒဏ်ရာပြင်းထန်ကာ နေရာ၌ပင် သေဆုံးသွားခြင်းဖြစ်ကြောင်း ရွာသားများက ပြောသည်။
ဝက်ကျိန်းကျေးရွာထဲတွင် ပြီးခဲ့သည့် ၂၀၂၂ အောက်တိုဘာလအတွင်းက စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာပြီး အဆိုပါဗုံးသီးမှာ စစ်ပွဲအတွင်း ကျန်ခဲ့သည့် စစ်ကျန်လက်နက်ဖြစ်မည်ဟု ဦးအောင်ဆန်းက ခန့်မှန်း ပြောသည်။
ထိုသို့ ကျေးရွာအတွင်း စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ကလေးငယ်များ သေဆုံးခဲ့မှုအပေါ် ရွာသားများမှာ စိုးရိမ်ထိတ်လန့်နေကြသည်။
“အခုလိုဖြစ်သွားတော့ ကလေးတွေကို မိဘတွေကတော့ ဆုံးမဩဝါဒတွေပေးတယ်။ ပြီးရင် ရွာသားတွေကိုလည်း အပြင်ကိုသွားရင် ဂရုစိုက်တစိုက်သွားကြရမယ်။ အဲလိုမျိုးပြောထားတယ်။ စိုးရိမ်မှုတွေတော့ရှိတယ်” ဟု ဝက်ကျိန်းကျေးရွာသားတစ်ဦးက ပြောသည်။
ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တကျော့ပြန်တိုက်ပွဲရပ်တန့်သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၂၀၂၃ ခုနှစ် မေလ ၄ ရက်နေ့အထိ မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၇ ဦးနှင့် ဒဏ်ရာရရှိသူ ၁၄ ဦးအထိရှိကြောင်း DMG မှ ကောက်ယူထားသော စာရင်းအရ သိရသည်။
သေဆုံးသူထဲတွင် ဘူးသီးတောင်မြို့နယ်မှ ၁ ဦး၊ မောင်တောမြို့နယ်မှ ၃ ဦးနှင့် မင်းပြားမြို့နယ်မှ ၁ ဦးတို့ဖြစ်ပြီး ဒဏ်ရာရရှိသူထဲတွင် ဘူးသီးတောင်မြို့နယ်မှ ၅ ဦး၊ မောင်တောမြို့နယ်မှ၁ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ၄ ဦး၊ မြောက်ဦးမြို့နယ်မှ ၁ဦး ၊အမ်းမြို့နယ်မှ ၁ ဦး၊ ကျောက်တော်မြို့နယ်မှ ၁ ဦးနှင့် ရသေ့တောင်မြို့နယ်မှ ၁ ဦးတို့ဖြစ်သည်။
အောင်ထိန် (DMG) ပေးပို့သည်။