မူဆယ်ရှိ စစ်ဘေးရှောင်များ နေရပ် မပြန်နိုင်ကြသေး

0
307
ပုံစာ - မူဆယ်ရှိ စစ်ဘေးရှောင်များ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်ရေးအခြေအနေ ဆက်လက် တင်းမာနေဆဲဖြစ်လို့ ဒေသခံစစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရန် အခက်တွေ့နေသည်ဟု ပြောသည်။

တအာင်းတပ် (TNLA) နှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်လ ၂၃ ရက်နေ့မှ ဇူလိုင်လကုန်ပိုင်းအထိ နှစ်ဖက်ကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာကြောင့် နမ့်ကတ်ကျေးရွာ အုပ်စုအတွင်းရှိ နမ့်ကတ်၊ မန်ကန်နှင့် မိုင်းဆတ် ကျေးရွာများမှ ဒေသခံများသည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်သို့ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်၊

အဆိုပါ စစ်ရှောင်စခန်း တာဝန်ခံက “ စခန်း စဖွင့်ဖြစ်တာကတော့ ၂၉ ရက်နေ့က လူဦးရေ ၃၂၀ လောက် ရှိတယ်။ လက်ရှိတော့ တစ်ဦးချင်း လာလှူတာ၊ တချို့က ဆန်၊ ဆီ၊ ဆား တတ်နိုင်သလောက် တစ်နိုင်တစ်ပိုင် လာလှူ တာတော့ ရှိတယ်။ ဒီနေ့(ဩဂုတ်၁ရက်) ညနေပိုင်း ပြန်ဖို့တော့ အုပ်ချုပ်ရေးမှူးကို ပြောထားပေမဲ့ အခြေအနေက မတည်ငြိမ် သေးတော့ ပြန်ဖို့က မသေချာသေးဘူး” ဟု ပြောသည်။

ထိုစစ်ဘေးရှောင်များအတွက် တနိုင်တပိုင် လာရောက်ကူညီပေးသည့် အလှူရှင်များ ရှိသော်လည်း အခြားသော လိုအပ်ချက် တချို့ ရှိနေဆဲဟု စစ်ရှောင်များက ပြောသည်။

စစ်ရှောင်စခန်းတွင် ခိုလှုံနေသည့် ဒေသခံတစ်ဦးက “အခက်ခဲကတော့ အဓိက သုံးရေနဲ့ မီးပါပဲ။ မီးကလည်း ပုံမှန်မလာ ရေကတင်လို့ မရတော့ အိမ်သာသွားတာ၊ ရေချိုးတာတွေမှာ အခက်အခဲ တွေ့ရတယ်။ လူကလည်း များတယ် ဆိုတော့လေ” ဟု ပြောသည်။

အဆိုပါစစ်ရှောင်များအား အရပ်ဖက်အဖွဲ့တချို့နှင့် အစိုးရမဟုတ်သည့်အဖွဲ့အစည်းတချို့က လာရောက် ဆက်သွယ်သည့် အခြေအနေနှင့် ပတ်သတ်ပြီး စခန်းတာဝန်ခံက “ NGOs၊ CSOs အဖွဲ့အစည်းများက အချက်အလက် လာကောက်သွားတာ နှစ်ဖွဲ့တော့ ရှိတယ်။ လာရောက် ထောက်ပံ့ပေးတာမျိုးတော့ မရှိသေးဘူး” ဟု ပြောသည်။

မူဆယ်မြို့နယ်၊ နမ့်ကတ်အုပ်စု၊ မန်ကန်ကျေးရွာ အနီးတွင် တအာင်းတပ် (TNLA) နှင့် စစ်ကောင်စီတပ်တို့ အကြား ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်၍ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး ဇူလိုင်လ ၃၁ ရက်နေ့ အထိ အခြေအနေများ တင်းမာလျှက် ရှိသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့် အသံများလည်း ဆက်ကြားနေရဆဲ ဖြစ်သည်ဟု ဒေသခံများက ဆက်ပြောဆိုသည်။

ကျေးရွာတာဝန်ရှိသူက “တိုက်ပွဲကတော့ ငြိမ်နေပြီလို့တော့ ပြောတယ်။ ဒါပေမဲ့ လက်နက်ကြီးသံတွေ တချက် တချက် ကြားနေရတော့ တချို့က စိုးရိမ်စိတ်တွေနဲ့ စစ်ရှောင်စခန်းတွေမှာ ဆက်နေနေတုန်းပဲ။ အခုထိတော့ အခြေအနေ တင်းမာနေကြတုန်းပဲ။ ၂၃ ရက်နေ့ ညနေ ၅ နာရီ လောက်မှ စဖြစ်တာ၊ ရွာထဲမှာ အပြန်အလှန် ပစ်ခတ်ကြတာ ၂၆ ရက်နေ့မှာတော့ သူတို့ (စစ်ကောင်စီတပ် ) ရွာထဲလှည့်ပြီး တောင်ပေါ်ကို တက်သွားတယ်။ ရွာထဲမှာ ပစ္စည်းယူတာ၊ ဖျက်ဆီးတာ၊ နေအိမ်တွေ မီးရှို့တာတော့ မရှိဘူး” ဟု ပြောသည်။

ထို့အပြင် ဇူလိုင်လ ၂၉ ရက်နေ့ ည ၉ နာရီခန့်က ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် နေအိမ်ထဲ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့သောကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်လထဲတွင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်များဖြစ်သည့် မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး၊ ကျောက်မဲ မြို့နယ်တို့တွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် စစ်ကောင်စီတပ်တို့ အကြား ထိတွေ့တိုက်ပွဲ ၁၀ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ကြောင်း သိရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here