သျှမ်းပြည်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ နမ့်အွမ်ကျေးရွာအုပ်စုအတွင်း စစ်ရေးတင်းမာမှုများ ရှိနေသည့်အတွက် ထိတွေ့တိုက်ပွဲ ပိုမိုပြင်းထန်လာမည်ကို ဒေသခံများ စိုးရိမ်နေကြရကြောင်း စုံစမ်းသိရသည်။
သြဂုတ်လ ၃ ရက်နေ့သည် နမ့်အွမ်ဈေးနေ့ ဖြစ်သော်လည်း နှစ်ဖက်စစ်ရေး တင်းမာမှုများကြောင့် ဈေးမဖြစ်သည့်အပြင် ဆိုင်ခန်းများလည်း ပိတ်ထားရကြောင်း ဒေသခံများက ပြောဆိုသည်။
“ဒီနေ့က နမ့်အွမ်ဈေးနေ့ ဖြစ်ပေမယ့် ဈေးထဲလူရှိတာ တစ်နာရီတောင် မပြည့်ဘူး။ တချို့ရွာကနေ ဈေးရောင်းဖို့ လာတဲ့သူတွေလည်း အမြန်သိမ်းပြီး အမြန်ပြန်တာ၊ မနေ့ကလည်း ရွာနားကို လက်နက်ကြီး ကျကွဲတယ်။ ထိခိုက်မှုတော့ မရှိဘူး။ နမ့်အွမ်ရွာခံတွေ အပြင်မထွက်ဖို့ လယ်ယာတွေ မသွားဖို့ TNLA က ညွှန်ကြားထားတယ်” ဟု နမ့်အွမ်ကျေးရွာအုပ်စု ဒေသခံတစ်ဦးက ပြောသည်။
သြဂုတ် ၂ ရက်နေ့ မွန်းလွဲပိုင်း၌ နမ့်အွမ် ကျေးရွာအုပ်စု ၊ ကောင်းဝိန်းကျေးရွာအတွင်းသို့ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) စစ်ကြောင်း အများအပြား ဝင်ရောက်လာသည့်အပြင် စစ်ကောင်စီမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “TNLA စစ်အင်အား အများအပြား ရွာထဲကို ဝင်ရောက်လာပြီး ရွာသားတွေကို စစ်ရှောင် သွားခိုင်းဖို့ ညွှန်ကြားခဲ့တယ်။ စစ်ကောင်စီကလည်း လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ မြေပြင်တိုက်ပွဲက မဖြစ်သေးပေမယ့် TNLA က ရွာထဲဝင်နေတာရယ်၊ စစ်ကောင်စီက လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်မှာ ထင်တယ်” ဟု ပြောဆိုသည်။
TNLA စစ်ကြောင်း ကျေးရွာထဲ ဝင်ရောက်လာသည့်အတွက် ကောင်းဝိန်းကျေးရွာ ဒေသခံ ၁၀၀ ကျော် သည် လုံခြုံရေးအရ နမ့်အွမ်ကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းနှင့် မူဆယ်မြို့၊ နမ့်ခမ်းမြို့ပေါ်သို့ စစ်ရှောင် ထွက်ပြေး သွားရကြောင်း ဒေသခံများက ပြောသည်။
“နမ့်အွမ် ခရစ်ယာန်ဘုရားကျောင်းကို ရောက်လာတဲ့ စစ်ရှောင်က ၁၀၀ ကျော် ရှိတယ်။ TNLA က ရွာထဲဝင်လာပြီး စစ်ရှောင်ခိုင်းလို့တဲ့၊ အခုတော့ ကချင်အသင်းတော်က စားဖို့သောက်ဖို့ ကူညီပေးထားတယ်။ တခြားနေရာကို ရှောင်သွားတဲ့ ဦးရေတော့ မသိရသေးဘူး” ဟု ကူညီပေးသူတစ်ဦးက ပြောသည်။
ထို့အပြင် မူဆယ်မြို့နယ် ၊ စယ်လန့် ကျေးရွာအုပ်စု အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ နှင့် TNLA တပ်ဖွဲ့တို့ အကြား ထိတွေ့တိုက်ပွဲ ပြင်းထန်မှုကြောင့် စယ်လန့်အုပ်စုမှ၊ မန်ထမ်ကျေးရွာခံ ၅၀ ကျော်သည် ကမ္ပဌာန်း ကျောင်းတိုက်သို့ စစ်ရှောင် ထွက်ပြေးနေရသလို နမ့်ကတ်ကျေးရွာ၊ မိုက်ဆက်ကျေးရွာ၊ မန်ကန်ကျေးရွာတို့မှ ဒေသခံများလည်း မူဆယ်မြို့နှင့် နမ့်ခမ်းမြို့သို့ အသီးသီး စစ်ရှောင်နေကြရကြောင်း သိရသည်။
မူဆယ်မြို့နယ်အတွင်း ဇူလိုင်လကုန်ပိုင်းမှ စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့နှင့် TNLA တပ်တို့အကြား တိုက်ပွဲပေါင်း ၅ ကြိမ် ထက် မနည်း ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ နှစ်ဘက်စစ်ရေး တင်းမာနေဆဲ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။