မူဆယ်မြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွား နေအိမ်နှင့်အရပ်သားထိခိုက်ပျက်စီးမှုရှိ

0
236
ပုံစာ - လက်နက်ကြီး ကျရောက်ထိမှန်ခဲ့သည့်နေအိမ်တစ်အိမ်။

သျှမ်းပြည်၊ မူဆယ်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီနှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားပြီး နေအိမ်ထိခိုက်ပျက်စီးသည့်အပြင် ဒေသခံအမျိုးသမီး ၃ ဦး ထိခိုက် ဒဏ်ရာရသွားကြောင်း သိရသည်။

စက်တင်ဘာလ ၁၉ ရက် ညနေပိုင်း ၅ နာရီ ဝန်းကျင်တွင် မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအုပ်စု အနီး၌ နှစ်ဖက်တပ်ဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မူဆယ်မြို့နယ် တိန်းလုံကျေးရွာအုပ်စု၊ စန်းဆာ ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး နေအိမ် ၂ လုံး ထိမှန်ခဲ့ရာ နေအိမ်အတွင်းရှိနေသည့် အမျိုးသမီး ၃ ဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“လက်နက်ကြီးက စန်းဆာတောင်ကနေ ပစ်လာခဲ့တာလို့တော့ ထင်ရတယ်၊ အတိအကျတော့ မသိရပါဘူး။ သူတို့က အရပ်လေးမျက်နှာလုံးကို လက်နက်ကြီးနဲ့ ရမ်းပစ်နေကြလို့ အသံနဲ့မှန်းပြီး ပြောရတာပါ။ အိမ်သာ ပေါ်မှာလည်း လက်နက်ကြီးက ကျကွဲတာ၊ ဒဏ်ရာရသူ ၃ ဦး ရှိတယ်” ဟု ယင်းဒေသခံက ပြောသည်။

နေအိမ်ပေါ် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူများသည် ခါး၊ ပေါင်နှင့် ခြေထောက် တို့တွင် ထိခိုက်ဒဏ်ရာရခြင်းဖြစ်ပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်းလည်း သိရသည်။

ထိုသို့လက်နက်ကြီးကျရောက် ပေါက်ကွဲပြီးနောက် စက်တင်ဘာ ၁၉ ရက် ည ၁၀ နာရီဝန်းကျင်တွင်လည်း မူဆယ်မြို့ပေါ်  ဟိုနားရပ်ကွက်ဘက်မှ ပစ်ခတ်သံများ ထွက်ပေါ်လာကြောင်းလည်း မူဆယ်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

“သေနတ်သံတွေ အရင်ထွက်လာပြီးမှ လက်နက်ကြီးသံတွေ ကြားရတယ်။ မှန်းမိသလောက်တော့ ရဲစခန်းနား မဟုတ်လည်း ဟိုနားရပ်ကွက်ဘက်က ဖြစ်နိုင်တယ်။ အဲ့ဒီ ပစ်ခတ်မှုက နာရီဝက်ကျော်ကြာမှ အသံငြိမ်သွားတာÓ ဟု မူဆယ်ဒေသခံအမျိုးသားက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်မှ စတင်ပြီး စစ်ကောင်စီနှင့် TNLA တို့ မူဆယ်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ ပြန်လည်ပြင်းထန်လာခြင်း ဖြစ်ပြီး မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအုပ်စုမှ ဒေသခံများလည်း နေအိမ်စွန့်ခွာ စစ်ရှောင် ထွက်ပြေးနေရကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၁၈ ရက် ညနေပိုင်းတွင်လည်း စယ်လန့်ကျေးရွာအုပ်စု မန်ကန်ရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲပြီး အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်မှု ရှိခဲ့သည်။

သြဂုတ်လအတွင်း၌လည်း စစ်ကောင်စီတပ်နှင့် TNLA တို့ စယ်လန့်ကျေးရွာအုပ်စုအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံနေအိမ်များ ပျက်စီးမီးလောင်သည့်အပြင် အရပ်သားထိမှန် သေဆုံးမှုလည်း ရှိခဲ့သည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here