မူဆယ်မြို့နယ်တွင်း စစ်ရေးတင်းမာနေသည့်ကြားမှ TNLA ဆက်ကြေးကောက်လျက်ရှိနေ

0
299
ပုံစာ - TNLA ဆက်ကြေး ကောက်ယူလျက်ရှိသည့် မူဆယ်လမ်းပိုင်းတနေရာ။

သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီနှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့တို့ စစ်ရေးတင်းမာနေသည့်ကြားမှ TNLA က ဆက်ကြေး (အခွန်) မပြတ်မကွက် ကောက်ယူနေသည်ဟု မူဆယ်မြို့နယ် ဒေသခံများ ပြောဆိုချက်အရ သိရသည်။

မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်ကြား ဆက်သွယ်ထားသည့် စယ်လန့်ကျေးရွာအုပ်စု၏ ဖိုင်ကျောင်းရပ် ကားလမ်းမကြီးပေါ်တွင် TNLA မှ ဆက်ကြေးကောက်လျက် ရှိနေကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “အခွန်ကောက်နေတဲ့ နေရာက တိုက်ပွဲဖြစ်နေတဲ့ နေရာနဲ့ ၂ ဖာလုံ လောက်ပဲ ကွာတာ၊ ဟိုဘက်က တိုက်ပွဲဖြစ်နေလည်း ဒီဘက်မှာက အခွန်ကောက် မပြတ်ဘူး၊ ဥပုသ်နေ့လည်း ကောက်တယ်၊ အိမ်စီးကား ဆိုရင်တော့ ၃ ထောင်ပေါ့၊ ကုန်တင်ကားနဲ့ လိုင်းကား အသေးဆိုရင် ၃ သိန်း ၊ ကားအကြီးဆိုရင် ၉ သိန်း တောင်းတာ” ဟု ပြောသည်။

TNLA အခွန်ကောက်နေသည့် နေရာသည် မူဆယ် – မန္တလေး ဆက်သွယ်ထားသည့် ပြည်ထောင်စု ကားလမ်းမကြီးလည်း ဖြစ်သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ထိတွေ့တိုက်ပွဲ ဖြစ်နေသည့် လွိုင်တေးမိန်း တောင်ခြေနှင့် ၂ ဖာလုံခန့်သာ ကွာဝေးကြောင်းလည်း ဒေသခံတို့၏ ပြောဆိုချက်အရ သိရသည်။

TNLA တပ်ဖွဲ့ တောင်းယူကောက်ခံနေသည့် အခွန်ပမာဏကို မပေးနိုင်သည့် ကားသမားများသည် စယ်လန့် ကျေးရွာအုပ်စု နားဆိုင်ကျေးရွာတွင် ခေါ်ယူဖမ်းဆီးထားသည်ဟု ကြုံတွေ့ခဲ့ရသည့် ကားသမားတစ်ဦးက ပြောသည်။

“သူတို့တောင်းတာ မပေးနိုင်တဲ့ သူတွေကို ကားနဲ့အတူ နားဆိုင်ရွာမှာ ဖမ်းခေါ်ထားတယ်၊ မိသားစုဝင် ဒါမှမဟုတ် တစ်ယောက်ယောက်က ပိုက်ဆံယူလာပေးမှ ပြန်လွတ်ပေးတာ၊ သူတို့တောင်းတဲ့ အခွန်ကလည်း တစ်ခေါက်စာပဲ ဖြစ်တယ်၊ တစ်နှစ်လုံးစာ မဟုတ်ဘူး။ အဲ့ကြောင့် ကားသမားတွေက အရမ်းခက်ခဲရတယ်၊ ကြောက်လည်း ကြောက်ရတယ်” ဟု ကြုံတွေ့ခဲ့ရသူ ကားသမားတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာအနီး ဆက်ကြေးကောက်မပြတ် ရှိနေသည့် TNLA တပ်ဖွဲ့နှင့် ပတ်သက်ပြီး ဒေသခံများ အနေဖြင့် စစ်ရေးစစ်ဒဏ်အပြင်၊ အခွန်ပေးဆောင်ရန် အတွက်ပါ ပူပန်သောက ရောက်နေရသည် ဟုလည်း ဒေသခံများက ပြောဆိုသည်။

ထိုသို့အခွန်ဆက်ကြေး ကောက်ယူခြင်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး TNLA တပ်ဖွဲ့၏ ပြောရေးဆိုခွင့်နှင့် ပြန်ကြားရေး တာဝန်ခံထံသို့ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ပါ။

ယခု ၂၀၂၃ ခုနှစ် အတွင်း TNLA တပ်ဖွဲ့ အခွန်ကောက်ယူမှု ပိုမိုများပြားလာသည့်အပြင် ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ မိုင်းလားမြို့မှာ ကျင်းပခဲ့သည့် စစ်ကောင်စီ ငြိမ်းချမ်းရေးအဖွဲ့နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့ တွေ့ဆုံမှု အပြီးတွင်လည်း စစ်ကောင်စီနှင့် TNLA တပ်ဖွဲ့ကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here