ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးဒေသရှိ စစ်ဘေးရှောင်စခန်းမှ အိမ်ထောင်စု ၁၅၀ ခန့်သည် နေရာသစ်သို့ ပြောင်းရွှေ့ရေးအတွက် ငွေကြေးအခက်အခဲ ဖြစ်နေသည်ဟု ပြောကြသည်။
စစ်ကောင်စီ၏ စစ်ရှောင်စခန်းဖျက်သိမ်းရေး စီမံကိန်းကြောင့် ရှမ်းမြောက်ဒေသရှိ စစ်ရှောင်စခန်းတချို့နေ မိသားစုများသည်နေရာ သစ်များ ရှာဖွေပြောင်းရွှေ့နေကြရခြင်း ဖြစ်သည်။
မုံးကိုး စစ်ရှောင်အမျိုးသားတစ်ဦးက “အပြင်မှာ တချို့က အခန်းငှားပြီး နေနေကြတယ်။ တချို့က နေရာချပြီး ရွာသစ်တည် နေထိုင်နေကြသူတွေလည်း ရှိနေပြီ။ ဒါပေမယ့် အများစုက ဒီမှာ မြေကွက်တွေဝယ်ဖို့တောင် ငွေကြေးရေး အခက်အခဲတွေများစွာရှိနေတဲ့ အတွက်ကြောင့်မို့လို့ အများစုက မပြောင်းရွှေ့နိုင်သေးဘူးပေါ့” ဟု ပြောသည်။
မုံးကိုးစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၂၂၀ နီးပါး ရှိသည့်အနက် မိသားစု ၇၀ နီးပါးမှာ ကိုယ်ထူကိုယ်ထစနစ်ဖြင့် နေရာသစ်သို့ ပြောင်းရွှေ့သွားပြီဖြစ်သော်လည်း ကျန်အိမ်ထောင်မိသားစုများမှာ မြေကွက်များ မဝယ်နိုင်သောကြောင့် အခက်တွေ့နေကြခြင်းဖြစ်သည်။
စစ်ရှောင်စခန်း ဖျက်သိမ်းရေး စီမံကိန်းကြောင့် မုံးကိုးစစ်ရှောင်များသည် ပြန်လည်နေရာချထားရေးကို ရွာသစ်ပုံစံမျိုးဖြင့် မြေကွက်များ အရစ်ကျပေးဝယ်ကာ ဝါးအိမ်များဆောက်လုပ်ပြီး ကိုယ်ထူကိုယ် ပြောင်းရွှေ့နေရခြင်း ဖြစ်သည်။
သို့သော် အများစုမှာ အရစ်ကျပေး၍ပင် မဝယ်နိုင်ကြဟု ပြောဆိုသည်။
အများစုက မပြောင်းရွှေ့နိုင်သေးသောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ကူညီပေးစေချင်သည်ဟု မုံးကိုးစစ်ရှောင်များက ပြောသည်။
“အခုကျနော်တို့ လုပ်ဆောင်နေတဲ့ ရွာသစ်ပြောင်းရွှေ့ နေထိုင်ရေး စီမံကိန်းမှာ အဓိကကတော့ ဒီအိမ်ဆောက်လုပ်ဖို့ မြေယာဝယ်တာတွေ၊ မြေညှိ၊ မြေဖို့လုပ်တာတွေ ဒါတွေက နံပါတ်တစ် အကူအညီ လိုအပ်တာပေါ့နော်။ စစ်ရှောင်စခန်းဆိုတော့ ခက်ခဲတာတွေက အများကြီးပဲလေနော်။ စားဝတ်နေရေးကအစ၊ လူနေဖို့နေရာတွေ၊ ကလေးတွေရဲ့ ပညာရေးတွေက အစပေါ့၊ အခုဒီနိုင်ငံရေး အခြေအနေကြောင့် အများကြီးရှိနေတာပေါ့” ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးရှောင်များကို ကူညီထောက်ပံ့မှုများ လျော့ကျသွားခဲ့သည့်အပြင် လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေများကြောင့်လည်း လုံခြုံမှု လုံးဝမရှိသည့် အခြေအနေကြောင့် နေရပ်ရင်း ပြန်လည်နေထိုင်ရန်လည်း လုံးဝမဖြစ်နိုင်ဟု စစ်ရှောင်များက ပြောသည်။
စစ်ရှောင်များသည် လက်ရှိအချိန်ထိ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ စားဝတ်နေရေးအတွက် လစဉ်ထောက်ပံ့ကြေး အကူအညီ တစ်ခုတည်းကိုသာ ရရှိကြကြောင်းနှင့် ရွာသစ်ကို ပြောင်းရွှေ့နေထိုင်ရန် လိုအပ်သည့် မြေယာဝယ်ယူနိုင်ရေးနှင့် အိမ်ဆောက်လုပ်ရေးအတွက် မည်သည့်အဖွဲ့အစည်းကမှ မကူညီသေးဘူးဟု စစ်ရှောင်များက ဆိုသည်။
လက်ရှိနိုင်ငံရေး အခြေအနေကြောင့် စစ်ရှောင်များအတွက် ဝင်ငွေရနိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးနေပြီး ကုန်စျေးနှုန်းများလည်း အဆမတန် မြင့်တက်နေသောကြောင့် ပိုမိုခက်ခဲနေရကြောင်းနှင့် နေ့စားအလုပ်များလည်းမရှိကြောင်း စစ်ဘေးရှောင်များက ပြောဆိုသည်။
စစ်ကောင်စီက ယခုနှစ်၊ မတ်လ ၁၄ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ရှောင်စခန်းအသီးသီးက တာဝန်ရှိသူများကို ခေါ်ယူပြီး မတ်လနှင့် ဧပြီလအတွင်း ပြောင်းရွှေ့ကြရန် ပြောဆိုခဲ့သည်။
မတ်လတွင် ရှမ်းမြောက်ရှိ စစ်ရှောင်စခန်း ၇ ခု၊ ဧပြီလတွင် စစ်ရှောင်စခန်း ၈ ခု ဖျက်သိမ်းရန် ပြောဆိုခဲ့ကြောင်း သိရသည်။
မတ်လနှင့် ဧပြီလအတွင်း ဖျက်သိမ်းရမည့် စစ်ရှောင်စခန်းများမှာ နမ့်ဖက်ကာ KBC စစ်ရှောင်စခန်း၊ အောင်သပြေ စစ်ရှောင်စခန်း၊ မိုင်းယုလေး စစ်ရှောင်စခန်း၊ ကာလှိုင်ဇွပ်အောင် စစ်ရှောင်စခန်း ၁ နှင့် ၂၊ ပန်ကူ စစ်ရှောင်စခန်း၊ လွယ်မုန်း စစ်ရှောင်စခန်း၊ နမ္မတူ စစ်ရှောင်စခန်း၊ မုံးကိုး စစ်ရှောင်စခန်း၊ ကွတ်ခိုင် KBC စစ်ရှောင်စခန်း ၁ နှင့် ၂၊ ကွတ်ခိုင် RC စစ်ရှောင်စခန်း၊ စိန့်သောမတ် စစ်ရှောင်စခန်း၊ နေဝန်းနီ စစ်ရှောင်စခန်းတို့ ဖြစ်ကြသည်။
သတင်းနှင့်မီဒီယာကွန်ရက် – ပေးပို့သည်