မုန်းမြို့ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုများအား ဖမ်းဆီးရမိထားဟု KNLA ထုတ်ပြန်

0
275
ပုံစာ - မုန်းမြို့ စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားတချို့။ ( Photo - KNLA-GHQ)

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၃) ညောင်လေးပင်ခရိုင် မုန်းမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် မိသားစု ၂၀ ဦးထက်မနည်းကို ဖမ်းဆီးရမိခဲ့ကြောင်း KNLA ဌာနချုပ်က ‌ဒီဇင်ဘာ ၅ ရက်‌ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA နှင့် ပူးပေါင်းတပ်များ၏ အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း ပြည်သူလုထုအား ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၅၉၉နှင့် ၅၉၀ တို့ အပါအဝင် မုန်းမြို့ရဲစခန်းနှင့် တံတားထိပ် ဂိတ်စခန်းတို့အား သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်၊

ထိုတပ်ရင်းနှစ်ရင်းမှ စစ်တပ်မိသားစုဝင် ၂၀ ဦး ထက်မနည်းကိုလည်း ဖမ်းဆီးရမိခဲ့ပြီး KNLA ဘက်က ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ထို့အတူ သိမ်းဆည်းရမိသော စခန်းများတွင် KNLA ပူးပေါင်းတပ်က လက်ရှိအချိန်ထိ တပ်စွဲထားနိုင်သော်လည်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူမှုများ ရှိနေသလို မြို့အတွင်း နယ်မြေရှင်းလင်းရေး ဆက်လက် လုပ်ဆောင် နေဆဲဖြစ်သည်ဟု KNU တပ်မဟာ (၃) ပြန်ကြားရေးဘက်က ပြောသည်။

“နယ်မြေရှင်းလင်းရေးတော့ လုပ်နေတုန်းပဲ လေယာဉ်နဲ့လည်း လာပစ်နေတုန်းပါ။ မြို့နယ်ရုံးနဲ့ တပ်ရင်း ၈ ရုံးချုပ်ကိုလည်း လေယာဥ်သွားပစ်တယ်။ KNLA ဘက်က သိမ်းထားတဲ့စခန်းတွေမှာ ခုထိထိုင်တယ် သူတို့လူတွေ (စစ်တပ်) နဲ့လည်း တိုက်ပွဲ ဖြစ်နေတယ်” ဟု ပြန်ကြားရေးဘက်က တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီဘက်မှ တပ်ရင်းမှူးအဆင့်ရှိသူအရာရှိ အပါအဝင် တပ်ဖွဲ့ဝင်အများအပြား KNLA ပူးပေါင်းတပ်ထံသို့ လက်နက်ချအညံ့ခံခဲ့သလို နှစ်ဖက်ထိခိုက်မှုရှိသော်လည်း အသေးစိတ်မသိရှိရသေးကြောင်း ကေအဲန်ယူဘက်က ထုတ်ပြန်ပြောဆိုထားသည်။

သို့သော် ထိုစခန်းများအား KNLA ပူးပေါင်းတပ်များက ခေတ္တခဏ ဝင်ရောက်နေရာယူနိုင်ခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီဘက်က ပြန်လည်သိမ်းပိုက်ထားနိုင်သလို စစ်ကောင်စီတပ်မိသားစုဝင်များကိုလည်း လုံခြုံစိတ်ချရသော နေရာများသို့ ပြောင်းရွေ့‌နေရာချထားပြီး ဖြစ်သည်ဟု စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီဇင်ဘာ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်‌ထားသည်။

တပ်မဟာ (၃) ပြန်ကြားရေးဌာန၏ တာဝန်ရှိသူတစ်ဦးက “အဲ့ဒီညနေက သူတို့(စစ်တပ်) လေယာဉ်တွေနဲ့ တရဆက် အများကြီးပစ်တော့ ကျမတို့လူတွေက ခဏရှောင်လိုက်တာ စခန်းတွင်းက ပစ္စည်းတွေတော့ အကုန်သိမ်းပြီးသွားပြီ။ သူတို့ဂုဏ်သိက္ခာအတွက် စခန်းကိုရအောင် ပြန်လာယူတာ။ ပြီးတော့ လေယာဥ်ပေါ်က ဆင်းပီး စခန်းရှေ့ဓာတ်ပုံရိုက်သွားတာပဲ။ ပုံထဲမှာပါတဲ့လူတွေက တယောက်မှ စစ်မြေပြင်မှာမရှိဘူး ကျမတို့တပ်ဖွဲ့ဝင်‌တွေလည်း တစ်ယောက်မှ ပြန်မဆုတ်သေးပါဘူး” ဟု စစ်ကောင်စီဘက်က ပြောဆိုချက်ကို တုံ့ပြန်ပြောဆိုသည်။

အဆိုပါတိုက်ပွဲကို KNLA တပ်မဟာ (၃) ဘက်မှ လက်အောက်ခံတပ်ရင်းများ၊ တပ်မဟာ (၁) နှင့် (၅) မှ တပ်ဖွဲ့ဝင်များ၊ ရိုးမစစ်ကြောင်း (၂), (၄), (၅)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်-BPLA၊ Federal Win Drone နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု KNLA ဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here