မုန်းတွင် စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးအသုံးပြုပစ်ခတ်မှု အကြိမ်ရေ ၅၀၀ ကျော်လုပ်ဆောင်

0
312
ပုံစာ - မုန်းမြို့နယ်ရှိ ကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူများ။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးသုံးပစ်ခတ်မှု အကြိမ်ရေ ၅၀၀ ကျော် လုပ်ဆောင်ခဲ့ကြောင်း မုန်းမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ၏ စက်တင်ဘာ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းမှ စက်တင်ဘာလ ၁၆ ရက်နေ့ အတွင်း စစ်ကောင်စီက မုန်းမြို့နယ် အတွင်းရှိ ကျေးရွာများသို့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၀၁ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု ၄၅၁ ကြိမ်နှင့် မြေပြင်စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်း၊ ရွာအတွင်း မိုင်းထောင်ခြင်း များပါ လုပ်ဆောင်ခဲ့တာကြောင့် ကျေးရွာ ၁၅ ရွာမှ ဒေသခံ ၁ သောင်းကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

“အခုလက်ရှိက ကျေးရွာ ၁၀ ရွာလောက်က လုံးလုံးပြန်လို့မရတဲ့ အခြေအနေရှိတယ်။ အဲဒီလူတွေက တစ်ရွာချင်း စာရင်းလိုက်ကောက်လို့ မရပေမယ့် ၁ သောင်းကျော်လောက်က ရှောင်နေရတယ်။ အခု လောလောဆယ် လမ်းကြောင်းပိတ်ဆို့ ထားတာတွေလည်း များတယ်” ဟု ကော်မတီဝင်တစ်ဦးက ဒေသတွင်းအခြေနေကို ပြောပြသည်။

ယင်းကဲ့သို့ ပစ်ခတ်မှုများကြောင့် ဒေသခံအမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိ၍ ၃ ဦး အတင်းအကြပ် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရကြောင်း ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ပြောဆိုထားသည်။

ထို့အပြင် ဒေသခံများက စစ်ဘေးတိမ်းရှောင်နေစဉ် အလုပ်အကိုင်ကောင်းစွာ မလုပ်ကိုင်နိုင်သောကြောင့် လယ်ယာမြေများ ယိုယွင်းပျက်စီးခြင်းနှင့် တွေ့ကြုံနေရသည်ဟုလည်း KNU က စက်တင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီဝင်တစ်ဦးက “ မိုးတွေအရမ်းရွာတော့ စစ်ရှောင်တွေက ဖျားနာလို့ ဆေးကုစရာ ဆေးဝါး မလုံလောက်တာတွေ ရှိတယ်။ စားစရာသယ်ပို့ဖို့ လမ်းကြောင်းလည်း ခက်ခဲသလို ကုန်ဈေးနှုန်းတက်တော့ ပြည်သူတွေအတွက် စားဝတ်နေရေးရော ကျန်းမာရေးအတွက်ရော အများကြီးတွေ့နေရတယ်” ဟု ပြောဆိုသည်။

ကော်မတီ၏ ထုတ်ပြန်ချက်တွင် ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်နေမှုအား ချက်ချင်းရပ်တန့်ရန်၊ စစ်ဘေးရှောင်များ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အတွက် လိုအပ်သော အကူအညီများပေးရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာသို့ တောင်းဆိုထားသည်ကို တွေ့ရသည်။

ဆက်လက်ပြီး ထုတ်ပြန်ချက်တွင် စစ်ကောင်စီ၏ ယင်းသို့လုပ်ရပ်များအား ရပ်တန့်နိုင်ရေး အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန်အတွက်လည်း ပြည်တွင်းပြည်ပရှိ ကရင်အရပ်ဖက် အဖွဲ့အစည်းများ၊ တော်လှန်ရေး အင်အားစုများနှင့် နိုင်ငံတကာအစိုးရများ၊ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ အသင်းအဖွဲ့များအား တောင်းဆိုထားသည်ကို ကော်မတီ၏ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ညောင်လေးပင်ခရိုင်တွင် ယခုနှစ်အတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား နှစ်ဖက်တိုက်ပွဲများ ပိုမိုပြင်းထန်လာသလို မုန်းမြိုနယ် တစ်ခုတည်းအားဖြင့် ယခု ဇွန်လပိုင်းအထိ စစ်ဘေး တိမ်းရှောင်သူဦးရေ သုံးသောင်းကျော် ရှိနေပြီး ခရိုင်တစ်ခုလုံးအနေဖြင့် စစ်ဘေးရှောင် ၂ သိန်းကျော် အထိ ရှိလာကြောင်း ကရင်အရပ်ဖက်အဖွဲ့များ၏ ပြောဆိုမှုအရ သိရသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here