မုန်တိုင်းလွန်ကာလ ၄ လကျော်ကြာသည့်တိုင် မောင်တော၊ ဟိန္ဒူဒုက္ခသည်စခန်းမှနေအိမ်များ မပြုပြင်နိုင်သေး

0
254

ရခိုင်ပြည်၊ မောင်တောမြို့၊ မြို့မအရှေ့ရပ်ကွက်ရှိ ဟိန္ဒူဒုက္ခသည်စခန်းတွင် “မိုခါ” မုန်တိုင်းကြောင့် ပျက်စီး သွားသည့် နေအိမ်များကို ၄ လကျော်ကြာသည့်တိုင် ပြန်လည် မပြုပြင်နိုင်သေးကြောင်း အဆိုပါ ဒုက္ခသည် စခန်းတွင် နေထိုင်သူများက ပြောသည်။

လက်ရှိတွင် စခန်း၌ တာပေါ်လင်စများဖြင့် ယာယီတဲများ ဆောက်လုပ်နေထိုင်နေရသဖြင့် နေထိုင်ရေး အခက်အခဲ ရှိသည်ဟု ဒုက္ခသည်စခန်းတာဝန်ခံ ဦးဟော်ဘိရာမ်က ပြောသည်။

အလားတူ လက်ရှိနေထိုင်ရေး အခြေအနေနှင့် ပတ်သက်ပြီး ဒုက္ခသည်စခန်းမှ ဒေါ်ဟာဇိုလိမ်က “ မိုးရွာရင်လည်း မလုံခြုံဘူး။ အပေါ်က တာပေါ်လင်စ မိုးထားတော့ နေပူရင်လည်း အရမ်းပူတယ်။ မိုးရွာရင်လည်း ရေစိုခံပြီးတော့ နေရတယ်။ အလုပ်အကိုင်မရှိတဲ့အတွက် ထမင်းတစ်ရက်စားရဖို့အတွက် သိပ်ခက်ခဲတယ်” ဟု ပြောသည်။

ဟိန္ဒူဒုက္ခသည်စခန်းမှ နေအိမ်များ ပျက်စီးမှုစာရင်းကို INGO၊ NGO အဖွဲ့အစည်းများမှ စာရင်းကောက်ယူ သွားသော်လည်း ထူးခြား မလာသလို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို တင်ပြ သော်လည်း ထူးခြား မလာသေးကြောင်း ဦးဟော်ဘိရာမ်က ဆက်ပြောသည်။

အဆိုပါ ဒုက္ခသည်စခန်းရှိ ယင်လုံအိမ်သာ ၄ လုံးမှာလည်း မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သဖြင့် ပြန်လည် မပြုပြင်နိုင်သေးကြောင်း ၎င်းက ပြောဆိုသည်။

“မိုခါ” မုန်တိုင်း တိုက်ခတ်ပြီးနောက်တွင် ဟိန္ဒူဒုက္ခသည်စခန်းမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်သုံးသောင်းခွဲနှင့် လူတစ်ဦးလျှင် ဆန် ၃ ပြည်ခန့် စစ်ကောင်စီက ထောက်ပံ့ပေးခဲ့သော်လည်း ယင်းနောက်တွင် အထောက်အပံ့များ မရရှိတော့ကြောင်း ဒုက္ခသည်များက ပြောသည်။

လက်ရှိ ဒုက္ခသည်စခန်းတွင် နေထိုင်သူများမှာ နေထိုင်ရေး အဆင်မပြေမှုများအပြင် အလုပ်အကိုင်လည်း မရှိသဖြင့် စားဝတ်နေရေးအတွက်လည်း အခက်အခဲရှိနေကြောင်း ပြောဆိုကြသည်။

“အခက်အခဲဖြစ်နေရင်လည်း ဒီနေရာမှာ မနေလို့မှ မရတာ” ဟု ဒုက္ခသည်စခန်းနေ ကိုချစ်မောင်က ပြောသည်။

မုန်တိုင်းကြောင့် ဟိန္ဒူဒုက္ခသည်စခန်းရှိ နေအိမ်များ ပျက်စီးသွားသည့် အခြေအနေကို မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးသို့ တင်ပြထားသော်လည်း တစုံတရာ ထူးခြားမှု မရှိသေးကြောင်း မြို့မအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညိုထွန်းက ပြောသည်။

“မုန်တိုင်းကြောင့် သူတို့နေတဲ့အဆောင်တွေ လုံးဝ ပြိုကျပျက်စီးသွားတယ်။ သူတို့ အခုတဲအိမ်တွေနဲ့ နေကြတာ တကယ်သနားဖို့ ကောင်းတယ်။ အလုပ်အကိုင်တွေက မရှိကြဘူး” ဟု ဦးညိုထွန်းက ပြောသည်။

ဟိန္ဒူဒုက္ခသည်စခန်းက ပျက်စီးသွားတဲ့ နေအိမ်တွေ ပြန်လည်ပြုပြင်မယ့် အခြေအနေနဲ့ ပတ်သက်လို့ မောင်တော မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

မောင်တောမြို့၊ မြို့မအရှေ့ရပ်ကွက်ရှိ ဟိန္ဒူဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၄၁ စု၊ လူဦးရေ ၁၈၂ ဦး နေထိုင်လျက် ရှိသည်။

အဆိုပါ ဟိန္ဒူဒုက္ခသည်များသည် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် မောင်တော အရေးအခင်းကြောင့် မောင်တော မြို့နယ် ခမောင်းဆိပ်၊ ကြိမ်ချောင်း၊ ရဲဘော်ကျ၊ ငါးခူးရ၊ သစ်တောနားခွဆုံနှင့် ရသေ့တောင်မြို့နယ် ကျောက်ဗန္ဒူ ကျေးရွာတို့မှ ထွက်ပြေးလာကြသူများ ဖြစ်သည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here