မိုးရာသီကာလ ခြင်ကိုက်နှုန်းများလို့ စစ်ဘေးရှောင်ကလေးငယ်များ ခြင်ထောင်အရေးတကြီးလိုအပ်နေ

0
328
ပုံစာ - မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားသည့် စစ်ဘေးရှောင်စခန်းတချို့။

မိုးရာသီကာလသို့ ရောက်ရှိလာချိန်တွင် ခြင်ပေါက်ဖွားမှုများလာပြီး ခြင်ကိုက်နှုန်း တိုးလာသဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းသင့်ဒေသရှိ စစ်ဘေးရှောင်စခန်းများက ကလေးများအတွက် ခြင်ထောင်များ အပူတပြင်း လိုအပ်နေကြောင်း စစ်ဘေးရှောင်များက ပြောသည်။

တိန်ညိုစခန်း တာဝန်ခံတစ်ဦးက “အခုမိုးရာသီအစဆိုတော့ ခြင်ပေါက်ဖွားမှုနှုန်းက များလာသလို ခြင်ကိုက်နှုန်းကလည်း များလာတယ်။ အခုလို ခြင်ကိုက်တော့ ကလေးတွေ သွေးလွန်တုတ်ကွေး ဖြစ်မှာကို အရမ်းစိုးရိမ် နေရတယ်။ ဒီအတွက် ခြင်ထောင်တွေ အပူတပြင်း လိုအပ်နေပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ခြင်ထောင်တစ်ယောက်အိပ် ၁ လုံးမှာ ကျပ် ၁ သောင်းခွဲ၊ နှစ်ယောက်အိပ်မှာ ၂ သောင်းခန့်ရှိသဖြင့် စစ်ဘေးရှောင်များအနေဖြင့် ဝယ်ယူအသုံးပြုရန် အဆင်မပြေကြကြောင်း ၎င်းက ဆက်ပြောသည်။

တိန်ညို စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၇၇၃ စု၊ လူဦးရေ ၂၈၆၂ ဦး ရှိသည့် မြောက်ဦးမြို့နယ်၊ အလှူရှင်များက လာလှူထားသည့် ခြင်ထောင် အလုံး ၃၀ သာ ရှိသေးပြီး မလုံလောက်သည့်အတွက် စခန်းအတွင်း မဖြန့်ဝေရသေးကြောင်း ၎င်းက ပြောဆိုသည်။

“စခန်းမှာရှိတဲ့လူတွေ လောက်ငှအောင် မပေးနိုင်ဘဲ ဖြန့်ဖြူးရင် သူ မရ၊ကိုယ် မရနဲ့ ပြဿနာ ဖြစ်နိုင်တယ်။ ဒါကြောင့် ဘယ်သူ့ကိုမှမပေးဘဲ သိမ်းထားရပါတယ်။ တစ်ခြားအဖွဲ့အစည်းတွေက လာလှူတဲ့ခြင်ထောင်တွေ ဒီနှစ်တော့ မရောက်သေးပါဘူး” ဟု အဆိုပါစခန်းတာဝန်ခံက ပြောသည်။

အလားတူ ကျောက်တော်မြို့ပေါ်ရှိ မဟာကံကြီးသျှင် စစ်ဘေးရှောင်စခန်းနှင့် မီးရထားဘူတာ စစ်ဘေးရှောင်စခန်းတို့တွင်လည်း ခြင်ထောင်နှင့်စောင်များ အထောက်အပံ့ မရရှိသေးဖြင့် ခြင်အန္တရာယ် ရှိနေသည်ဟု စစ်ဘေးရှောင်တချို့က ပြောသည်။

မီးရထားဘူတာ စစ်ဘေးရှောင်စခန်းနေ ကိုညီညီဝင်းက “ခြင်တွေကတော့ တအားပေါပါတယ်။ အခုက တုပ်ကွေးရာသီလည်း လာပြီဆိုတော့ တုပ်ကွေးတွေ ဖြစ်မှာကိုတောင် စိုးရိမ်နေရတယ်။ မနှစ်ကဆိုလည်း တုပ်ကွေးတွေ အရမ်းဖြစ်ခဲ့ကြတာ။ လက်ရှိအချိန်ထိ ခြင်ထောင်နဲ့စောင်တွေ လုံးဝမရသေးပါဘူး။ ကိုယ့်ဘာသာကိုယ် ဝယ်ဖို့ကလည်း အခုကာလက ကျပ်တည်းတယ်၊ မတတ်နိုင်ဘူး။ ဒါကြောင့် မိသားစုတစ်စုမှာ ခြင်ထောင် ၃ လုံး လိုအပ်တဲ့နေရာမှာ လောလောဆယ် ၁ လုံး တည်းရှိတဲ့အတွက် ကုပ်ကပ်ပြီးတော့ စုအိပ် နေရတာပေါ့” ဟု ပြောသည်။

မီးရထားဘူတာ စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၃၂၁ စု၊ လူဦးရေ ၂၇၀၀ ကျော် ရှိပြီး လက်ရှိတွင် အလှူရှင်များ လာရောက်ခြင်း မရှိတော့သဖြင့် စစ်ဘေးရှောင်များသည် ၎င်းတို့၏ စားဝတ်နေရေးအတွက် မြို့ထဲသို့ဝင်ကာ ကြုံရာကျပန်း အလုပ်များကို လုပ်ကိုင်စားသောက် နေကြရကြောင်း သိရသည်။

အလားတူ ရသေ့တောင်မြို့ပေါ်ရှိ အိမ်ထောင်စု ၆၈ စု၊ လူဦးရေ ၂၇၄ ဦး ခိုလှုံနေသည့် မြို့လယ်ချောင်း စစ်ဘေးရှောင်စခန်းတွင် မိုခါမုန်တိုင်းအလွန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အဖွဲ့က စားနပ်ရိက္ခာများ ၂ ကြိမ် လာရောက်လှူဒါန်းခဲ့သော်လည်း အမိုးအကာများနှင့် ခြင်ထောင်များ လှူဒါန်းမည့်သူ မရှိ၍ အခက်အခဲရှိနေသည်ဟု ယင်းစစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့် မဦးမြင့်ရီက ပြောသည်။

“အမိုးအကာလှူမယ့် သူတွေမရှိလို့ မြို့ထဲမှာကျနေတဲ့ သံဖြူအပိုင်းအစ အဟောင်းတွေကို လိုက်ကောက်ပြီး မိုးထား ရပါတယ်။ မလုံတော့ မိုးရွာရင် မိုးယိုတယ်။ ခြင်တွေကလည်း ညနေဖက်ရောက်တာနဲ့ကိုက်ပြီ။ မြို့ထဲက အမှိုက်သရိုက်တွေကို ဒီနားမှာ လာပစ်ကြတယ်။ ကျမတို့လည်း တားပေမယ့် မရဘူး။ အခုခြင်ကလည်း အရမ်းကိုက်၊ ခြင်ထောင်တွေကလည်း အသစ်မရှိတော့ မုန်တိုင်းနဲ့ပါသွားတဲ့ အဟောင်းတွေကို ပြန်ကောက်ပြီး အိပ်ရတယ်။ စုတ်တာစုတ်၊ ပြဲတာပြဲနဲ့ အဆင်ပြေသလို အိပ်နေရတာပါပဲ” ဟု ပြောသည်။

မိုခါဆိုက်ကလုန်း မုန်တိုင်းကြောင့် ရခိုင်တွင် နေအိမ် ၂ သိန်းကျော် ပျက်စီးဆုံးရှုံးပြီး စစ်ဘေးရှောင်များအပါအဝင် ရခိုင်ပြည်သူ ၁ သန်းကျော် ထိခိုက်နစ်နာခဲ့သည်။

မုန်တိုင်းတိုက်ခတ် ခဲ့ပြီးသည်မှာ ၁ လ ကျော် အထိ ကြာမြင့်နေသော်လည်း လက်ရှိအချိန်ထိ စစ်ကောင်စီက မုန်တိုင်းသင့် ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် လုပ်ဆောင်ပေးခြင်း အားနည်းနေသေးသလို ပြည်တွင်း/ပြည်ပ အလှူရှင်များကိုလည်း ကူညီခွင့် ပိတ်ပင်ထားသောကြောင့် မုန်တိုင်းသင့် ပြည်သူများမှာ စားဝတ်နေရေး၊ ကျန်းမာရေးစသည့် အခက်အခဲမျိုးစုံ ရင်ဆိုင်ခံစား နေကြကြောင်း သိရှိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here