ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ဇူလိုင် ၆ ရက်နေ့က လက်နက်ကြီးထိမှန်ပြီး အရပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများဆီက သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၆ ရက်နေ့က လက်ခုတ်ပင်မြောက်ပိုင်းရပ်ကွက်၌ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် တနေ့တည်း၌ပင် အရပ်သား ၃ ယောက် သေဆုံးခဲ့ရပြီး နေအိမ်ထိမှန် ပျက်စီးမှုများလည်းရှိသည်ဟု ဒေသခံများက ပြောဆိုသည်။
ဒေသခံတစ်ဦးက “ မနေ့ (ဇူလိုင် ၈ ရက်နေ့) ညနေပိုင်းကတည်းကနေ ညပိုင်းအထိ သရက်တောဘက်မှာ သေနတ်သံနဲ့ လက်နက်ကြီးသံတွေက တောက်လျှောက်ပဲ။ လက်ခုတ်ပင်ဘက်က ဟိုတစ်နေ့ကဆိုရင် ၂ ယောက် မြောက်ပိုင်းရပ်ကွက်က တစ်ယောက် ၃ ယောက်ပေါ့” ဟု ပြောဆိုသည်။
သေဆုံးသွားသူများမှာ လက်ခုတ်ပင်ကျေးရွာမှ အသက် ၁၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် မြောက်ပိုင်းရပ်ကွက်မှ အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ယင်းအပြင် မိုးမိတ်မြို့၊ သရက်တောကျေးရွာအနီးတဝိုက်တွင် ဇူလိုင်လ ၈ ရက်နေ့ နေ့လယ် ၃ နာရီဝန်းကျင်က စစ်ကောင်စီတပ်နှင့် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ဆီက သိရှိရပြီး တအာင်းတပ်မတော် TNLA ဘက်ကလည်း ဇူလိုင် ၈ ရက်နေ့တွင်ပင် ထိုတိုက်ပွဲနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ခဲ့သည်။
တိုက်ပွဲပြင်းထန်နေသည့် မိုးမိတ်မြို့နယ်တွင် လက်တလော၌ ဖုန်းလိုင်းအားလုံးပြတ်တောက်နေသလို ကုန်စည်အဝင်လည်း မရှိတော့ဘဲ၊ သောင်းနှင့်ချီသော ဒေသခံများလည်း တိုက်ပွဲနှင့်လွတ်ကင်းရာ နေရာများကို ထွက်ပြေးနေကြရသည်။
ဖုန်းအဆက်အသွယ်ခက်ခဲတာကြောင့် ၎င်းတို့၏ အခြေနေအသေးစိတ်ကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။
“ရှောင်ကြတာကတော့ အောက်ပိုင်းရွာတွေပါပဲ။ ပြန်ရှောင်ကြတာပေါ့ စစ်မဖြစ်နိုင်တဲ့အခြမ်းတွေပေါ့။ မြို့ရဲ့တောင်ဘက်ခြမ်း ဖြစ်နိုင်တယ်ဆိုရင် တောင်ဘက်ကိုပြေးပေါ့။ ဒီလိုပဲ ကြည့်ပြီးရှောင်ရတာပေါ့။ ကျနော်တို့မြို့က ကြေမှာ၊ အထိုင်တပ်က မြို့နဲ့ ၂ မိုင်လောက်ပဲရှိတာ။ အဲ့ကိုကျ သွားမတိုက်ကြဘူး။ မြို့ထဲပဲ ခိုပြီးတိုက်တော့ မြို့ကကြေမှာပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီတပ်က လက်ခုပ်တန်း၊ ရွှေဇာလီနှင့် မိုးမိတ်တံတားတဝိုက်တွင် အဓိက စစ်ရေးလှုပ်ရှားမှုများရှိနေပြီး မြေပြင်ရော လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်မှုရှိနေကြောင်း သိရသည်။
မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့အကြား ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့က စတင်၍ တိုက်ပွဲဖြစ်နေခြင်းဖြစ်ပြီး “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း စစ်ဆင်ရေးအဖြစ် တိုက်ပွဲတကျော့ပြန်လည် ဖြစ်ပွားလာခြင်း ဖြစ်သည်။
မိုးမိတ်မြို့အတွင်း ဖြစ်ပွားခဲသည့် တိုက်ပွဲအတွင်း လက်ခုတ်တန်းနှင့် လယ်ကြီးရွာက စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့ ညပိုင်းက တိုက်ခိုက်အပြီးတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု တအာင်းတပ်မတော် TNLA က ဇူလိုင် ၈ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
KNG ပေးပို့သည်။