ရှမ်းပြည်-ကရင်နီ (ကယား) ပြည်နယ်စပ် မိုးဗြဲမြို့မှာ ဇူလိုင်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ တစ်လအတွင်း ဒေသခံ အရပ်သားပြည်သူ ၉ ဦးအထိ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၆ ဦးအထက် ရှိနေတယ်လို့ ဒေသတွင်း သတင်းအချက်အလက် ဖော်ပြချက်များ စုစည်းမှုအရ သိရှိရသည်။
ထိခိုက်သေဆုံးမှုတွေရဲ့ အကြောင်းရင်းတွေက စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု၊ လေယာဉ် ဗုံးကြဲတိုက်ခိုက်မှု၊ နေအိမ်မှာ ရိက္ခာပြန်ယူရင်း စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်ခံရမှု၊ စစ်ကြောင်းထိုးရင်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုများကြောင့် သေဆုံးခဲ့ရကြောင်း လေ့လာတွေ့ရှိရသည်။
သေဆုံးသူ ၉ ဦးထဲတွင် အသက် ၁၈ နှစ် အောက် ကလေးငယ် ၃ ဦး ၊ သက်ကြီးပိုင်းအမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ ဖြစ်ကြပြီး၊ သေဆုံးသူ ကလေးငယ် ၃ ဦး ထဲတွင် တစ်ဦးမှာ ဘောလခဲမြို့ပေါ်ကဖြစ်ပြီး အချိန်မီ ဆေးဝါးကုသခွင့် မရတာကြောင့် အသက်ဆုံးရှုံးခဲ့သည်ကို တွေ့ရသည်။
ထိခိုက်ဒဏ်ရာရသူ ၁၆ ဦး ရှိကြောင်း လက်တလောစာရင်းများအရ သိရပေမယ့် ယခုထက်ပိုပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေ များနိုင်တယ်လို့ စစ်ရှောင်ကူညီပေးသူများ၏ ပြောဆိုမှုအရ သိရသည်။
ထိခိုက်ဒဏ်ရာရသူများတွင် လက်နက်ကြီးပစ်ခတ်မှုနှင့် လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ အများစု ဖြစ်ကြောင်းနှင့် ယင်းတို့ထဲတွင် ကိုယ်ဝန်ဆောင်မိခင် ၁ ဦး၊ အသက် ၁၈ နှစ်အောက် ကလေးငယ် ၄ ဦး ပါဝင်နေသည်ကို တွေ့ရသည်။
တိုးတက်သော ကရင်နီပြည်သူအင်အားစု (PKPF) ၏ ဇူလိုင်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်း ကာလအတွင်း စစ်ရှောင်များ အပါအဝင် ဒေသခံပြည်သူ ၅၀၀ အထိ သေဆုံးမှုများ ရှိခဲ့တယ်ဟုဖော်ပြထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့အထိ စစ်အာဏာသိမ်းပြီးနောက် မြန်မာတစ်နိုင်ငံလုံး သေဆုံးခဲ့သည့် အရပ်သားပြည်သူ ၃,၈၅၀ ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။