ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်စပ် မိုးဗြဲမြို့တွင် အရပ်သား ၂၆ ဦးအား စစ်ကောင်စီက သတ်ဖြတ်ခဲ့မှုသည် လူမျိုးတုံး သတ်ဖြတ်မှု လုပ်ရပ်ဖြစ်တာကြောင့် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီး ဒေါက်တာဆာဆာ က သတင်းထုတ်ပြန်သည်။
ဇွန်လ ၁၄ ရက်က NUG အစိုးရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာ ဆာဆာ၏ ထုတ်ပြန်ချက်တွင် “ နိုင်ငံတကာအသိုက်အဝန်းများ၊ သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ အထူးသဖြင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအနေဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို အဆုံးသတ်ရန်နှင့် ကျူးလွန်သူများအား တရားမျှတမှုရှိစေရန် ရနိုင်သော နည်းလမ်းအားလုံးကို အသုံးပြု၍ ဆောင်ရွက်ပေးရန် ကျွန်ုပ်တို့ ထပ်မံတောင်းဆိုပါသည်” ဟု ရေးသားတောင်းဆို ထားသည်။
ပြီးခဲ့သည့် ဇွန်လ ၆ ရက်မှ ဇွန်လ ၈ ရက်အတွင်း စစ်ကောင်စီတပ်က မိုးဗြဲမြို့စေတီတော်အနီး ဒေသခံ ရွာသား ၁၄ ဦး ကို အစုလိုက်အပြုံလိုက် ပစ်သတ်ခဲ့သည့်အပြင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အခြား ပြည်သူ ၁၂ ဦး သေဆုံးခဲ့သည်ဟု ဒေါက်တာဆာဆာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လူမျိုးတုံး အစုလိုက် အပြုံလိုက် သတ်ဖြတ်သည့် စစ်ကောင်စီက လူသားမျိုးနွယ်အပေါ် ရက်စက် ကြမ်းကြုတ်သည့် ရာဇဝတ်မှုများ အတွက် တာဝန်ခံရမည် ဖြစ်ပြီး ကူညီပံ့ပိုးပေးသူများသညိ ရာဇဝတ်မှု ပိုပြီးကျူးလွန်အောင် ကူညီခြင်းဖြစ်တာကြောင့် တာဝန်ခံရမည် ဖြစ်တယ်လို့ ဒေါက်တာဆာဆာက ထုတ်ပြန်ချက်တွင် ထည့်ရေးသားထားသည်။
သေဆုံးခဲ့သည့် အရပ်သားများ၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိထားပြီး သေဆုံးသူတစ်ဦးသည် စေတီတော်ဝန်း အတွင်း ဦးခေါင်းကို ပစ်သတ်ခံရသည်ကို ဗီဒီယိုဖိုင်တွင် မြင်တွေ့ရသလို အခြား သေဆုံးသူ ၃ ဦးကို ဒူးထောက်ခိုင်းပြီး ပစ်သတ်ခဲ့သည့် ပုံစံအနေအထား တွေ့ရှိရတယ်လို့ ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သေဆုံးသူများသည် စစ်ရှောင်ရန်သွားသည့် လမ်းခရီးတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်ခံရတာ၊ နေအိမ်ထဲ ပိတ်မိနေသည့် အရပ်သားများကို ဖမ်းဆီးပြီး ပစ်သတ်တာ၊ လက်နက်ကြီး ထိမှန်ပြီး သေဆုံးကြတာ ဖြစ်လို့ စစ်ကောင်စီ၏ လုပ်ရပ်သည် စစ်ရာဇဝတ်မှုမြောက်တာကြောင့် ရှုတ်ချကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဦးဗညားက အခုလို ပြောဆိုသည်။
“ ဒီကိစ္စအပေါ်မှာ အလွယ်တကူ ခွင့်လွှတ်နားလည်ပေးလို့ရတဲ့ ဖြစ်စဉ် မဟုတ်ဘူးပေါ့။ သေချာ စစ်ဆေးစုံစမ်းပြီး တချိန်ကျရင် အသွင်ကူးပြောင်း ကာလမှာဖြစ်စေ ဥပဒေကြောင်းအရပေါ့နော် အပြစ်ပေးအရေးယူ တရားမျှတမှုကို ပြန်ဖော်မှသာလျှင် နောက်နောင် ဒီလိုမျိုး ချိုးဖောက်မှုတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်” ဟု ဦးဗညားက ပြောပါတယ်။
စစ်ကောင်စီ၏ ယခုလုပ်ရပ် ညှင်းပန်းခြင်း၊ အဓမ္မပြုကျင့်ခြင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွင် အဆိုးဝါးဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တာကြောင့် ပြင်းပြင်းထန်ထန် ထပ်မံရှုတ်ချ ပါတယ်လို့ ဦးဗညားက ဆက်ပြောသည်။
ကရင်နီ လူ့အခွင့်အရေးအဖွဲ့နှင့် မိုးဗြဲမြို့ စစ်ရှောင်များအား ကူညီကြသည့် အသင်းအဖွဲ့များ၏ စာရင်းအရ မေလ ၂၇ ရက် နောက်ပိုင်းမှ လက်ရှိအချိန်ထိ အရပ်သားသေဆုံးမှု၊ ပျောက်ဆုံးမှု ၃၅ ဦး ဝန်းကျင် ရှိကြောင်း သိရသည်။
မိုးဗြဲမြို့ပေါ် ရပ်ကွက်များတွင် စစ်ကောင်စီ စစ်ကြောင်း သုံးကြောင်းထက်မက လှုပ်ရှားနေပြီး စစ်ကြောင်း တစ်ကြောင်းတွင် အင်အားအနည်းဆုံး ၈၀ ဦး ရှိကြောင်း မိုးဗြဲ PDF က ပြောဆိုသည်။
မိုးဗြဲမြို့ပေါ်တွင် နှစ်ဖက်စစ်ရေး တင်းမာနေဆဲဖြစ်ပြီး တိုက်ပွဲများလည်း နေ့စဉ်ပြင်းထန်နေတာကြောင့် မြို့ခံမိဘပြည်သူများ အနေဖြင့် လုံခြုံရေး အထူးဂရုစိုက်ကြရန် ကာကွယ်ရေးတပ်ဖွဲ့များက အသိပေးထားသည်။
မိုးဗြဲမြို့တွင် ရပ်ကွက် ၁၄ ရပ်ကွက် ရှိပြီး လူဦးရေ ၃ သောင်း ဝန်းကျင်နေထိုင်ကြပြီး စည်းကား၊ ညောင်ဝိုင်း၊ ပွဲကုန်း စသည့် ပြည်ထောင်စုလမ်းမကြီး အပေါ်ဘက်ရှိ ရပ်ကွက်များတွင် ဒီကနေ့အချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
ISP Myanmar အဖွဲ့ ဇွန်လ ၁၄ ရက် ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် ၅ လတာအတွင်း အရပ်သား သေဆုံးမှုဟာ ၇၄၈ ဦး ရှိပြီး ကရင်နီပြည်နယ်သည် တတိယ အများဆုံး ပြည်နယ်ဖြစ်ပြီး ပထမ အများဆုံး အရပ်သား သေဆုံးမှုသည် စစ်ကိုင်းတိုင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။