မိုးဗြဲမြို့မှာ ၄ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်မှုတွေရှိနေ

0
116

ရှမ်း – ကရင်နီနယ်စပ် မိုးဗြဲမြို့ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား ဇန်နဝါရီ ၁၉ ရက်နေ့ကစပြီး ဇန်နဝါရီလ ၂၂ ရက်နေ့အထိ ၄ ရက်ဆက် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေသည့် မိုးဗြဲမြို့၊ လွယ်ဝိုင်းကျေးရွာအနီးနားကို စစ်ကောင်စီက လေယာဉ်နှင့် ပေါင် ၅၀၀ ဗုံး ၄ လုံးခန့်ကို လာရောက်ဗုံးကြဲခဲ့သည်ဟု ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

“ပေါင် ၅၀၀ နဲ့ ၄ လုံး လာကြဲသွားတယ်။ ထိခိုက်မှု မရှိဘူးလို့သိရပါတယ်။ ခုထိ မိုးဗြဲမှာ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေဆဲပဲ။ ပြီးခဲ့တဲ့ရက်က မိုးဗြဲဖက် စစ်ကောင်စီက စစ်ကြောင်းထိုးဖို့ကြိုးစားနေလို့ ထိတွေ့မှု ပြင်းထန်တယ်။ ဒီမနက်လည်း နေရာတွေကိုပြန်ယူဖို့ သူတို့ကြိုးစားနေပါတယ်။ ခုထိလည်း တိုက်ပွဲဖြစ်နေပါတယ်” ဟု ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

မိုးဗြဲအခြေစိုက် စစ်ကောင်စီ ခမရ (၄၂၂) တပ်ရင်းကနေ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေခြင်းဖြစ်သည်ဟု မြေပြင်အခြေအနေကို သိရှိသူ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောဆိုသည်။

တိုက်ပွဲစတင်ဖြစ်ပွားသည့် ဇန်နဝါရီ ၁၉ ရက်နေ့ကစပြီး နေ့စဉ်ရက်ဆက် မိုးဗြဲမြို့အတွင်းကို စစ်ကောင်စီ၏ လွိုင်ကော်အခြေစိုက်တပ်ရင်း ၊ မိုးဗြဲ ၊ ဖယ်ခုံ အခြေစိုက်တပ်ရင်းတို့ကနေ လက်နက်ကြီးပစ်ကူပေးနေကြောင်း ၎င်းဆိုသည်။

“ပိုပြင်းထန်တာက ၁၉ ၊ ၂၀ ၊ ၂၁ အခု နောက်ပိုင်းပေါ့။ ၁၉ ရက်နေ့က စတယ်။ လက်နက်ကြီးက ရက်တိုင်းလိုပဲ ပစ်တယ်။ တိုက်ပွဲဖြစ်တဲ့ရက်တွေကတော့ အသံပိုကြားရတယ်။ တိုက်ပွဲမဖြစ်တဲ့ရက်ဆို တရက်ကို တလုံး၊ နှစ်လုံးပဲ။ ဒါပေမယ့် တိုက်ပွဲဖြစ်ရင်တော့ နေ့တိုင်းပစ်တယ်။ တစ်ရက်နဲ့တစ်ရက်က မတူဘူး” ဟု မြေပြင်အခြေအနေကို သိရှိသူက ပြောသည်။

၂၀၂၃ ခုနှစ်၊ “တစ်လေးလုံး စစ်ဆင်ရေး” အတွင်း မိုးဗြဲမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ပြီး တစ်နှစ်အကြာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ကစတင်၍ တကျော့ပြန်တိုက်ပွဲ လက်ရှိအချိန်ထိ ဖြစ်ပွားနေခြင်းလည်း ဖြစ်သည်။

စစ်ကောင်စီတပ်က မိုးဗြဲမြို့ကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ရန် မကြာခဏ စစ်ကြောင်းထိုးနေပြီး လေကြောင်းနှင့် ပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုကို အဓိက အသုံးပြုနေကြောင်း သိရသည်။

တိုက်ပွဲအခြေအနေတို့နှင့်ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်က တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ယခု ၂၀၂၅ ခုနှစ် နှစ်စပိုင်းကစ၍ စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများနှင့် စစ်ရှောင် စခန်းရှိရာ နေရာတို့ကို လက်နက်ကြီးနှင့် ပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲမှု ပြုလုပ်လျက် ရှိနေသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း မိုးဗြဲမြို့နှင့်နီးသည့် ဖယ်ခုံအင်းအရှေ့ဘက်ကမ်း လွယ်ပေါ၊ နန်းပေါလုံ ကျေးရွာထဲကို စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကန္တာရဝတီတိုင်း ( မ် ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here