ကရင်နီပြည်နှင့် ရှမ်းပြည်နယ် နယ်စပ်မှာတည်ရှိသည့် မိုးဗြဲမြို့သည် စစ်ကောင်စီနှင့် တော်လှန်ရေး တပ်ဖွဲ့များအတွက် စစ်ရေးနှင့် ကုန်သွယ်ရေးအခန်းကဏ္ဍတွေမှာ အရေးပါသည့် မြို့ဖြစ်တာကြောင့် မြို့ကိုထိန်းချုပ်နိုင်ဖို့ နှစ်ဘက်အပြိုင် ကြိုးစားနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။
မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်၏ ကျွဲချို တပ်ခွဲတာဝန်ခံက “မရမက ကျနော်တို့တော့ တိုက်ယူရမှာပဲ ဆုံးရှုံးခံလို့ မဖြစ်ဘူး။ မိုးဗြဲကို ဆုံးရှုံးခံလို့ မဖြစ်ဘူး။ ကျနော်တို့ကတော့ ဘယ်နည်းမဆို ရအောင် လုပ်မယ်” ဟု ပြောသည်။
မိုးဗြဲမြို့သည် ရှမ်းပြည်နယ်နယ်နိမိတ်အတွင်း တည်ရှိပြီး ကရင်နီပြည် ဒီးမော့ဆိုမြို့ ၊ လွိုင်ကော်မြို့တို့ အတွက် ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သည့်အပြင် စစ်ကောင်စီ၏ တပ်မြို့ဖြစ်သည့် နေပြည်တော်နှင့် ၆၅ မိုင်သာ ကွာဝေးသည့် အနေအထားကြောင့် နှစ်ဘက်တပ်ဖွဲ့များအတွက် စစ်ရေးအရ အရေးပါသည့် မြို့တစ်ခု ဖြစ်သည်။
မိုးဗြဲလမ်းမကြီး လမ်းကြောင်းကို အသုံးပြုပြီး စစ်ကောင်စီက အင်အားဖြည့်တင်းခြင်း၊ လက်နက်ခဲယမ်း တင်ပို့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့များက မိုးဗြဲမြို့ကို အပြည့်အဝထိန်းချုပ်ဖို့ ကြိုးစားခြင်း ဖြစ်တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ကျွဲချိုတပ်ခွဲမှ တာဝန်ခံက အခုလို ဆက်ပြောသည်။
“မိုးဗြဲက လွိုင်ကော်နဲ့ ဖယ်ခုံကြားလည်းဖြစ်တယ်။ ပြီးတော့ ကုန်သွယ်ရေး လမ်းကြောင်းလည်း ဖြစ်တယ်ပေါ့။ ပြည်ထောင်စု လမ်းမကြီးလည်းဖြစ်တော့ အနောက်ဘက်တစ်ကြော ဒီးမော့ဆိုဘက် တစ်ကြောဆိုရင်လည်း အဓိက ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်တယ်။ ဒီလမ်းကြောင်းသာ ပိတ်သွားမယ်ဆိုရင် ရှိနေတဲ့ ဒီးမော့ဆိုတို့ ဘာတို့ အဲ့ဘက်မှာ အခက်အခဲ ပိုများနိုင်တယ်ပေါ့။ အဲ့ဒါကြောင့် သူတို့ (စစ်ကောင်စီ) က ကုန်သွယ်ရေးလမ်းကြောင်းနဲ့ စားနပ်ရိက္ခာလမ်းကြောင်းပေါ့ အဓိက ပိတ်ဆို့ဖို့ သူတို့မှာ ရည်ရွယ်ချက်ရှိလိမ့်မယ်လို့ ထင်တယ်။ အဲ့ဒါကြောင့် ဒီနေ့အချိန်ထိ ထိုးဖို့ ကြိုးစားနေတာပေါ့ ” လို့ ၎င်းက ဆိုသည်။
စစ်ကောင်စီက တော်လှန်ရေး တပ်ဖွဲ့များနှင့် စစ်ရှောင်ပြည်သူများ၏ ရိက္ခာများကို ဖြတ်တောက်ရန် အတွက် မိုးဗြဲမြို့ကို ထိန်းချုပ်ဖို့ ကြိုးစားနေပြီး လက်ရှိတွင် မိုးဗြဲမြို့ထဲ၌ စစ်ကောင်စီတပ်၏ စစ်ကြောင်း ၃ ကြောင်း ထက်မကရှိပြီး စစ်ကြောင်းတစ်ကြောင်းတွင် တပ်သားအနည်းဆုံး ၈၀ ဦး လှုပ်ရှားနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၏ ကျွဲချိုတပ်ခွဲတာဝန်ခံက ဆက်ပြောသည်။
အဆိုပါစစ်ကြောင်းများမှာ မိုးဗြဲမြို့ နယ်မြေခံတပ်ရင်းများဖြစ်သည့် ခလရ ၄၂၂ ၊ ပအို့ဝ်ပြည်သူ့စစ် PNO တပ်ဖွဲ့များနှင့် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းများ ပါဝင်ကြောင်း အဆိုပါ တာဝန်ခံက ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က မကြာခဏ နယ်မြေစိုးမိုးနိုင်ရန် ကြိုးပမ်းနေတာကြောင့် ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့်လည်း မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က “ နေပြည်တော်နဲ့ လမ်းပေါက်ဖို့နီးတော့ စိုးရိမ်တဲ့အနေအထားရှိတော့ တပ်အင်အားဖြည့်ထားတာလည်း ပါတယ်ပေါ့နော်။ ဆက်လက်ပြီးတော့မှ သူတို့က နေရာပြန်လည်ရရှိဖို့အတွက် စစ်တပ်အနေနဲ့ဆက်လက်ပြီးတော့မှ တိုက်ပွဲဝင်ရမှာပေါ့။ ကျနော်တို့နဲ့ PDF နဲ့ လူထုတွေနဲ့ တပ် မပြုတ်အောင်တော့ သူတို့ကြိုးစားပြီးတော့ တိုက်မှာပဲ” လို့ သုံးသပ်ပြောဆိုသည်။
မေလ နောက်ဆုံးပတ်ကစပြီး မိုးဗြဲမြို့ပေါ် ရပ်ကွက်ထဲကို စစ်ကောင်စီအခြေစိုက် တပ်ရင်းများက နေ့စဉ်ရက်ဆက် လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့တာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိနေသည်။
ဒေသခံအများစုက စစ်ရှောင်ကြနေကြရပြီး တိုက်ပွဲကြား ပိတ်မိနေသူများ ရှိနေသည့်အပြင်၊ လုံခြုံတယ်ဟု ယူဆကြသည့် ဒေသခံများက နီးစပ်ရာဘုန်းကြီးကျောင်းနဲ့ အိမ်တွေမှာ ခိုလှုံနေကြတယ်လို့ မိုးဗြဲမြို့ခံတစ်ဦးက ပြောသည်။
“စစ်ရှောင်ကြပါတယ်။ မိုးဗြဲကတော့ အမြဲတမ်းလိုလို တိုက်ပွဲတွေဖြစ်နေတယ်။ ဒါပေမယ့် ဒီတစ်ခေါက်ကတော့ ပိုပြင်းထန်တယ်ပေါ့နော်” လို့ အဆိုပါမြို့ခံက ပြောသည်။
လက်ရှိအချိန်၌ မိုးဗြဲမြို့ရှိ စက်တော်ရာတောင်ပေါ်၊ ညောင်ဝိုင်း၊ စည်ကား (၂) ရပ်ကွက်၊ ဝါရီဆူးပလိုင်တွင် စစ်ကောင်စီက အထိုင်တပ်စွဲထားပြီး နှစ်ဘက် စစ်ရေးတင်းမာနေချိန်တွင် တိုက်ပွဲ အချိန်မရွေး ဖြစ်နိုင်သည့်အတွက် မိဘပြည်သူများ အနေဖြင့် မိမိလုံခြုံရေး အထူးကရုစိုက်ကြရန် ကာကွယ်ရေးတပ်ဖွဲ့များက အသိပေးထားသည်။
ကန္တာရဝတီတိုင်း(မ်)- သတင်းပေးပို့သည်။