ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ပြီးခဲ့သည့် ၂ ရက်အတွင်း ကလေး ၃ ယောက်အပါအဝင် စုစုပေါင်း အရပ်သား ၇ ယောက်ကို စစ်ကောင်စီတပ်က ထပ်မံဖမ်ဆီးသွားတယ်လို့ မိုးကောင်းဒေသခံတွေက ပြောဆိုသည်။
စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၈ ရက်နေ့က မိုးကောင်း၊ နန့်ရင်းရပ်ကွက်ထဲမှ နေအိမ်တစ်အိမ်ထဲကို ဝင်စီးပြီး အသက် ၅ နှစ်အောက် ကလေးငယ် ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက်အပါအဝင် နောက်ထပ် အမျိုးသား ၁ ယောက် စုစုပေါင်း မိသားစုဝင် ၆ ယောက်ကို ဖမ်းဆီးသွားတယ်လို့ မိုးကောင်းဒေသခံတစ်ဦးက ပြောသည်။
“သူတို့ဖမ်းချင်တဲ့သူကို မဖမ်းရတော့ မိသားစုဝင်တွေကို လာဖမ်းသွားတာဟုတ်တယ်။ ကလေးအငယ်က ၃ ယောက် ပါသွားတယ်။ ဒီကနေ့အထိ မလွတ်လာသေးပါဘူး” ဟု အဆိုပါမိုးကောင်းဒေသခံက ပြောဆိုသည်။
ယင်းနေ့တစ်ရက်တည်းမှာပဲ စစ်ကောင်စီတပ်တွေဟာ နန့်ရင်းရွာထဲက နောက်ထပ် နေအိမ်တစ်အိမ်ကို ဝင်စီးခဲ့တဲ့အပြင် အရှေ့စုက စားသောက်ဆိုင်တစ်ဆိုင်ကိုလည်း ဝင်စီးသွားတယ်လို့ ဒေသခံများ ပြောဆိုမှုအရ သိရသည်။
ထပ်မံဝင်စီးခဲ့တဲ့ နေအိမ် ၂ အိမ်က မိသားစုတွေကိုတော့ ဖမ်းဆီးသွားတာ မရှိဘူးလို့ မိုးကောင်းဒေသခံ နောက်တစ်ဦးက ပြောဆိုပါသည်။
“သူတို့ လိုချင်တဲ့သူတွေကို အိမ်တိုင်ရာရောက် လိုက်ဖမ်းနေတာ၊ အဲနေ့က တစ်ရက်ထဲ အိမ် ၃ အိမ် ဝင်တယ်။ ဒါပေမယ့် ၂ အိမ်ကတော့ ဘာမှလုပ်မသွားဘူး။ နောက်ဆုံးတစ်အိမ်ပဲ ကလေးပါမကျန် မိသားစုလိုက် ဖမ်းသွားတာ” လို့ ယင်းဒေသခံက ပြောသည်။
ယင်းအပြင် အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၃ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်က အရပ်ဝတ်တွေ ဝတ်ဆင်ထားတဲ့ စစ်သား ၆ ယောက်ဟာ အိမ်စီးကားတစ်စီးနဲ့ ရောက်လာပြီး နောက်ထပ်အမျိုးသား တစ်ယောက်ဖြစ်တဲ့ မိုးကောင်း အထက (၁) ကျောင်းရှေ့ဆံပင်ညှပ်ဆိုင်က ကိုအောင်ထွန်းမင်းဆိုသူကို ထပ်ပြီးဖမ်းဆီးသွားတယ်လို့ ဒေသခံများက ပြောဆိုသည်။
စစ်ကောင်စီက ပြီးခဲ့တဲ့ ၂ ရက် အတွင်း ဖမ်းဆီးထားသူတွေကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို မသိရှိရသလို ဖမ်းဆီးသွားသူတွေထဲမှာ ကလေးသူငယ် ၃ ယောက်လည်း ပါသွားတာကြောင့် ဆွေမျိုးတော်စပ်သူတွေက စိုးရိမ်နေတယ်လို့ ပြောဆိုသည်။
မိုးကောင်းမြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့က ကျောင်းကြိုစစ်ကား ပစ်ခတ်ခံရတဲ့နေ့က စပြီး စစ်ကောင်စီတပ်တွေဟာ အရပ်ဝတ်တွေနဲ့လိုက်ပြီး ဒေသခံတွေကို ဖမ်းဆီးနေတာ ခုဆိုရင် တစ်လကျော် ရှိလာပြီး ဖမ်းဆီးခံရသူလည်း ရာနဲ့ချီ ရှိနေပြီလို့ ဒေသခံများက ပြောဆိုပါသည်။
ဖမ်းဆီးခံရသူများထဲက တချို့မှာ အာမခံနဲ့ ပြန်လွတ်လာတာ ရှိပေမယ့် အများစုကတော့ ဖမ်းဆီးထိန်းသိမ်း ခံနေရပြီး ဥပဒေပုဒ်မ အသီးသီးတပ်ကာ တရားစွဲဆိုခံထားရသူတွေလည်း ရှိတယ်လို့ ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။
KNG ပေးပို့သည်။