မိုခါမုန်တိုင်းကြောင့် ရခိုင်တွင် အိမ်ခြေပေါင်း ၂၁၆,၆၈၁ ပျက်စီးပြီး ဒေသခံ ၁ သန်းကျော် ထိခိုက်နစ်နာဟု AA ပြောဆို

0
358
ပုံစာ - မုန်တိုင်းသင့်ဒေသခံများ နေအိမ်ပြန်တည်ဆောက်ရာတွင် AA တပ်ဖွဲ့ဝင်များ ကူညီလုပ်ဆောင် (Photo - ULA/AA)

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းကြောင့် အိမ်ခြေပေါင်း ၂၁၆,၆၈၁ ပျက်စီးခဲ့ပြီး ဒေသခံ ၁ သန်းကျော် ထိခိုက်နစ်နာခဲ့ကြောင်းနှင့် ပျက်စီးဆုံးရှုံးမှု အမေရိကန်ဒေါ်လာ ၁ ဘီလီယံခွဲခန့် ရှိသည်ဟု ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) က ပြောသည်။

“ပျက်စီးမှုတန်ဖိုး ဒေါ်လာ တစ်ဘီလီယံခွဲလောက် ခန့်မှန်းထားတယ်။ ဒါကြောင့် ဒါတွေကို ပြန်လည် တည်ဆောက်ဖို့အတွက် အနည်းဆုံး ဒေါ်လာ တစ်ဘီလီယံလောက် လိုတယ်” ဟု ရက္ခိုင့်တပ်တော်ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တော၊ မြောက်ဦး၊ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံစသည့် မြို့နယ်များတွင် နေအိမ် ၉၀ ရာခိုင်နှုန်းအထိ ပျက်စီးမှုရှိကြောင်းနှင့် မုန်တိုင်းသင့် ဒေသခံပြည်သူများ ပြန်လည်ထူထောင်ရေးတွင် AA တပ်ဖွဲ့ဝင်များက အင်တိုက်အားတိုက် လုပ်ဆောင်နေကြောင်း ဉီးခိုင်သုခက အခုလိုပြောဆိုသည်။

“ပြန်မပြင်နိုင်သေးတဲ့ မရှိဆင်းရဲသားတွေကို ကျနော်တို့ ULA/AA က တစ်ရွာကို တပ်ရင်း တစ်ရင်းပုံစံနဲ့ ဝင်ပြီး အိမ်တွေကို ပြန်ဆောက်၊ စောင်းနေတာတွေကို ပြန်တည့်၊ ရွာတွေကို သန့်ရှင်းရေးလုပ်တာမျိုးတွေကို တောက်လျှောက် ရွာစဉ်တစ်ရွာပြီးတစ်ရွာ လုပ်ပေးနေပါတယ်” ၎င်းက ဆိုသည်။

ပုံစာ – မုန်တိုင်းသင့်ဒေသခံများ နေအိမ်ပြန်တည်ဆောက်ရာတွင် AA တပ်ဖွဲ့ဝင်များ ကူညီလုပ်ဆောင် (Photo – ULA/AA)

မုန်တိုင်းဒဏ်ခံ မြို့များတွင် နေအိမ်အများစု ပြုပြင်ပြီးစီးလုနီးပါး ရှိသော်လည်း နယ်ကျေးရွာများတွင် နေထိုင်သည့် လက်လုပ်လက်စား ဒေသခံများမှာ နေအိမ်များကို ပြန်လည် မပြုပြင်နိုင်သေးဘဲ ရှိနေသေးကြောင်း သိရှိရသည်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်း ဘာသာရေး အဆောက်အအုံ ၁,၅၀၇ ဆောင်၊ စာသင်ကျောင်း ၉၇၁ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂၅၂ ဆောင် ပျက်စီးသွားပြီး ကျွဲ၊ နွား စုစုပေါင်း ၁၅, ၃၈၈ ကောင် သေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၁ ဘီလီယံခွဲခန့် ရှိခဲ့သည်ဟု ULA/AA ၏ စာရင်းအရ သိရသည်။

မုန်တိုင်းကြောင့် ရခိုင်တွင် သေဆုံးသူ ၁၄၆ ဦး ရှိခဲ့ပြီး သေဆုံးသူများမှာ စစ်တွေမြို့နယ်တွင် ၉၆ ဦး၊ ရသေ့တောင် မြို့နယ်တွင် ၃၇ ဦး၊ ပေါက်တောမြို့နယ်တွင် ၇ ဦး၊ ပုဏ္ဏားကျွန်း မြို့နယ်တွင် ၄ ဦး၊ ကျောက်တော်မြို့နယ်တွင်၂ ဦးတို့ ဖြစ်ပြီး ဒဏ်ရာရသူ ၁၀ ဦးနှင့် ပျောက်ဆုံးနေသူ ၃ ဦး ရှိကြောင်း ဦးခိုင်သုခက ဆက်ပြောသည်။

ယခုစာရင်းအချက်အလက်များသည် အလောင်းရရှိထားမှုနှင့် မိသားစု အတည်ပြုထားသည့် သေဆုံးစာရင်း ဖြစ်ပြီး ULA/AA တပ်ဖွဲ့ဝင်များက လတ်တလော ကွင်းဆင်းကောက်ယူခဲ့သည့် စာရင်းများဖြစ်သည် ၎င်းက ဆိုသည်။

မုန်တိုင်းသင့် ပြည်သူများကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) က တဆင့် အလှူငွေများ လှူဒါန်းထားပြီး ယင်းအလှူငွေများဖြင့် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာများနှင့် အမိုးအကာများ ထောက်ပံ့ပေးမှု လုပ်ဆောင်နေသည်ဟု သိရသည်။

တောင်သူလယ်သမား ၇၀ ရာခိုင်နှုန်းရှိသည့် ရခိုင်တွင် ယခုနှစ် စပါးစိုက်ရာသီအမီ စိုက်ပျိုးနိုင်ရန်လည်း ရက္ခိုင့်တပ်တော်က စီစဉ်ဆောင်ရွက်နေကြောင်း ဦးခိုင်သုခက ဆက်ပြောသည်။

“မိုးရာသီရောက်လာတော့မှာဖြစ်တဲ့အတွက် မိုးအမီ စပါးစိုက်လိုက်နိုင်ဖို့ လိုပါတယ်။ စပါး မစိုက်လိုက်နိုင်ရင် နောက်နှစ် ခြောက်သွေ့ရာသီမှာ အခက်အခဲ ဖြစ်မယ်။ စပါးစိုက်လိုက်နိုင်ရင်တော့ သိပ်ပြဿနာမရှိဘူး။ ရခိုင်မှာ ၇၀ ရာခိုင်နှုန်းဟာ လယ်သမားတွေဖြစ်တယ်။ စပါးစိုက်နိုင်ဖို့ အတွက်လည်း လယ်ထွန်စက်တွေ၊ တခြားတခြား အထောက်အကူပြုပစ္စည်းတွေကို ပြင်ဆင်နေပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် မိုးရာသီ ဝင်ရောက်လာပြီ ဖြစ်သော်လည်း နေအိမ်အဆောက်အဦများ ပြန်လည် တည်ဆောက်ရေး မလုပ်နိုင်သေးဘဲ နေထိုင်စားသောက်ရေး အခက်အခဲ ဖြစ်နေသည့် မိသားစုအများအပြား ရှိနေသေးကြောင်း ဒေသခံများထံက သိရသည်။

အာဏသိမ်းစစ်ကောင်စီ၏ ထုတ်ပြန်ချက်စာရင်းတွင် မိုခါမုန်တိုင်းကြောင့် ရခိုင်တွင် လူပေါင်း ၁,၁၅၆,၇၉၆ ဦး ထိခိုက်ခဲ့ပြီး သေဆုံးသူ ၁၄၈ ဦးရှိကြောင်း၊ ဒဏ်ရာရသူ ၆၂ ဦးနှင့် ပျက်စီးခဲ့သည့် အဆောက်အဦပေါင်း ၂၄၁,၀၇၁ ခု ရှိကြောင်း၊ ယာဉ်အပျက်အစီး (ရေယာဉ်+ကား) ၇၁၆ စီး၊ သေဆုံးတိရစ္ဆာန် ၂၇၆၁၇ ကောင်နှင့် ပျက်စီး ဆုံးရှုံးမှုတန်ဖိုး သိန်းပေါင်း ၄၈,၉၈၆ သိန်း ရှိကြောင်း ဖော်ပြထားသည်။

နိရဉ္စရာ -ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here